နေပြည်တော် ၂ မေ
e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၂)တွင် ပြုလုပ်ရာ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ကော်မတီဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့ တက်ရောက်အမှာစကား ပြောကြားသည်။
e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဉီးမင်းသူက အဖွင့်အမှာစကားပြောကြားရာတွင် e-Government စနစ် အောင်မြင်စွာအကောင် အထည်ဖော်ဆောင်သွားနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၁၄/၂၀၁၈ ဖြင့် “e-Government ဦးဆောင်ကော်မတီ”ကို လုပ်ငန်းတာဝန် (၅) ရပ်ချမှတ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယသမ္မတတို့မှ ဦးဆောင်၍ ၄၆ ဦးဖြင့်လည်းကောင်း၊ “e-Government အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ”ကို လုပ်ငန်းတာဝန် (၅)ရပ် ချမှတ်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဦးဆောင်၍ ၄၅ ဦးဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီသည် ဦးဆောင်ကော်မတီက ချမှတ်လိုက်သည့် မူဝါဒ၊ လမ်းညွှန်ချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်ပေါင်းစပ်ညှိနှိုင်းခြင်းများ၊ ကွပ်ကဲကြပ်မတ်ခြင်းများကို အဓိကထား လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန် ၁၂ ရက်တွင် e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ထိထိရောက်ရောက် သွက်လက်စွာဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆပ်ကော်မတီ ၈ ခုကို ဖွဲ့စည်းထားခဲ့ပြီးဖြစ်ပါကြောင်း။
e-Government အကောင်အထည်ဖော်ရာ၌ ထည့်သွင်းစဉ်းစားရမည့်အချက် (၃) ချက်ရှိပါကြောင်း၊ ယင်းတို့မှာ People, Process, Technology တို့ဖြစ်ပါကြောင်း၊ ပထမအချက်အနေဖြင့် ဝန်ဆောင်မှုပေးရမည့် ဝန်ထမ်းများ၊ မူဝါဒချမှတ်ပေးရမည့် ခေါင်းဆောင်ပိုင်း၊ စီမံခန့်ခွဲရမည့် ဌာနအကြီးအကဲများ၊ ဝန်ဆောင်မှုကို ရယူသုံးစွဲမည့်ပြည်သူများပါဝင်သည့် People ဖြစ်ပါကြောင်း၊ e-Government အောင်မြင်ရန်အတွက် ၎င်းအချက်မှာ (၄၀) ရာခိုင်နှုန်းပါဝင်သည်ဟု ပညာရှင်များက သတ်မှတ်ထားကြပါကြောင်း၊ သက်ဆိုင်ရာအစိုးရဌာနများ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ ခေါင်းဆောင်ပိုင်းဖြစ်သည့် ဌာနအကြီးအကဲများ၏ ဆောင်ရွက်လိုစိတ်ကလည်း အရေးကြီးပါကြောင်း၊ ဒုတိယအချက်အနေဖြင့် လုပ်ငန်းစဉ်တွင် သမားရိုးကျလုပ်ထုံး လုပ်နည်းများကို ဆန်းစစ်ပြီးဖြေလျော့သင့်သည်တို့ကို ဖြေလျော့ခြင်း၊ ပြုပြင်ပြောင်းလဲခြင်းများကို ဆောင်ရွက်ရန်ဖြစ်သည့် Process ဖြစ်ပြီး e-Government အောင်မြင်ရန်အတွက် ယင်းအချက်မှာ (၄၀) ရာခိုင်နှုန်းခန့် အရေးပါကြောင်းကိုလည်း ပညာရှင်များက သတ်မှတ်ထားကြပါကြောင်း၊ တတိယအချက်ဖြစ်သော နည်းပညာအနေနှင့် e-Government အောင်မြင်ပြီး နိုင်ငံတကာ၏ အတွေ့အကြုံကောင်းများကို လေ့လာပြီးအစိုးရ၏ လုပ်ငန်းစဉ်များမှ မည်သည့်လုပ်ငန်း စဉ်များအတွက် မည်သို့သောခေတ်မီနည်းပညာများကို အဆင်သင့်ရယူ အသုံးချသွားနိုင်ရန်ဖြစ်သည့် Technology ဖြစ်ပြီး (၂၀) ရာခိုင်နှုန်းသာပါဝင်သည်ဟု သတ်မှတ်ထားကြတာကို တွေ့ရပါကြောင်း၊ e-Government အောင်မြင်ရန် နည်းပညာအတား အဆီးမဟုတ်ဘဲ တာဝန်ခံမှုရှိသည့် ခေါင်းဆောင်မှု၊ ဝန်ဆောင်မှုပေးလိုစိတ်၊ တာဝန်ယူလိုစိတ်ရှိသည့် ဝန်ထမ်းများနှင့် သုံးစွဲလိုစိတ်ရှိသော ပြည်သူများမှာ အဓိကဖြစ်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ ဆောင်ရွက်လိုစိတ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ပို၍အရေးကြီးကြောင်း။
ထို့ပြင် မြန်မာနိုင်ငံတွင် အစိုးရဌာနများ အပါအဝင် ကွန်ပျူတာသုံးစွဲသူများ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ တရားဝင်လိုင်စင်မရှိသေးသည့် Software များ၊ Windows Operating System နှင့် Office Application များကို အသုံးပြုနေကြသည်ကို တွေ့ရသည့်အတွက် Cyber Security နှင့်ပတ်သက်၍ အစိုးရဌာနများ၏ သတင်းအချက်အလက်များ လုံခြုံမှုရှိစေရေးတရားဝင် License များရယူ၍ အသုံးပြုသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ကျင်းပသည့် အစည်းအဝေးတွင် သက်ဆိုင်ရာဆပ်ကော်မတီ/ ဌာနများမှ ဝယ်ယူဖြန့်ဖြူးပေးမည့် အစီအမံများကိုတင်ပြပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ဌာနအသီးသီးတွင်လည်း e-Government ကို အကောင်အထည်ဖေါ်ဆောင်သွားရန်အတွက် HR အခက်အခဲနှင့် တိုက်တွန်းအားပေးမှုများ လိုအပ်နေသေးသည်ကို သိရှိရပါကြောင်းနှင့် ဖြေရှင်းနိုင်ရန်ဝိုင်းဝန်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က Single Window ဖြစ်သည့် Myanmar National Portal ကိုလွှင့်တင် ထားပြီးဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် မြန်မာနိုင်ငံရှိအစိုးရအဖွဲ့အစည်း အသီးသီး၏ ဝန်ဆောင်မှုများ၊ online service များ၊ သတင်းအချက်အလက်များကို ရိုးရှင်းလွယ်ကူစွာ ရယူအသုံးပြုနိုင်ပြီဖြစ်ပါကြောင်း၊ Tender, News, Jobs & Vacancies, Services နှင့် အစိုးရ၏ သတင်းအချက်အလက်များအား ပိုမိုအသုံးပြုမှုများပြားသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူလူထုက ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး အသုံးပြုလာနိုင်အောင် လိုအပ်သည့် Digital Marketing လုပ်ငန်းများကိုလည်းဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အစိုးရဌာနများ၏ Server များကို Co-location ထားရှိနိုင်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက နေပြည်တော်တွင် Data Center တစ်ခုအား တည်ဆောက်ထားပေးပြီးဖြစ်ပါကြောင်း၊ ယခု Data Center မှာ Facility များအဖြစ် Backup Power System, Precision Cooling System, CCTV NVR System, Fire Fighting System, Network Monitoring System, Firewall Security Service များကို 24/7 Service ဆောင်ရွက်ပေးထားသည့်အပြင် အစိုးရဌာနများ၏ e-Government လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးရည်ရွယ်ပြီး ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်ရန် စီစဉ်ပေးထားသည့်အတွက် အစိုးရဌာနများအနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လက်ရှိ Data Center ဝန်ဆောင်မှုများကို ရယူအသုံးပြုသွားကြရန် လိုအပ်ကြောင်း။
ထို့အပြင် e-Government လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် e-Government Integrated Data Center (eGIDC) စီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (EDCF)ချေးငွေနှင့် တည်ဆောက်သွားနိုင်ရန်အတွက် ၂၀၁၉ ခုနှစ် ဧပြီလတွင် Korea EXIM Bank Mission အဖွဲ့သည် မြန်မာနိုင်ငံသို့လာရောက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ Loan Agreement ရေးထိုးနိုင်ရေး ကိစ္စများနှင့် eGIDC စီမံကိန်းအတွက် ဆောင်ရွက်ရမည့် Advanced Action Plan များစတင်ဆောင်ရွက်ရန်ကိစ္စများကို ညှိနှိုင်းသဘောတူခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် Online နှင့် IT ဝန်ဆောင်မှုများ ရေရှည်ဖော်ဆောင်ရွက်သွားနိုင်ရန် Cyber Law နှင့် Policy များကို လိုအပ်လျက်ရှိပါကြောင်း၊ သို့ပါ၍ Cyber Law (မူကြမ်း)ကို ပြုစုလျက်ရှိရာအဆိုပါ Cyber Law (မူကြမ်း)တွင် Cyber Security, e-Government, e-Commerce နယ်ပယ်တို့နှင့် သက်ဆိုင်သောဥပဒေ၊ မူဝါများထည့် သွင်းရေးဆွဲသွားမည်ဖြစ်ပါသောကြောင့် ကောင်းမွန်ပြည့်စုံ၍ မြန်မာနိုင်ငံနှင့်သင့်လျော် ကိုက်ညီမှုရှိစေမည့် Cyber Law တစ်ခု ဖြစ်ပေါ်လာစေရေး သက်ဆိုင်သည့်ဌာန/ အဖွဲ့အစည်းများက တက်တက်ကြွကြွ ဝိုင်းဝန်းပူးပေါင်းအကြံပြုပေးပါရန် တိုက်တွန်းပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ Microsoft Windows Operating System နှင့် Office Application System တို့ကို အစိုးရဌာနများက လိုင်စင်ဖြင့် အသုံးပြုရေး၊ e-Government Secure e-Mail System နှင့် PKI (Public Key Infrastructure) အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ကွန်ပျူတာသုံး မြန်မာစာစနစ်တွင် Non-Unicode စနစ်များမှမြန်မာ Unicode စနစ်သို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက် နောက်ဆုံးထား၍ ပြောင်းလဲသုံးစွဲနိုင်စေရေး Migration ပြုလုပ်နိုင်ရန်အတွက် awareness ဆောင်ရွက်မည့် အစီအစဉ်များ၊ Data Policy and Data Classification ဆိုင်ရာမူဝါဒကို (၂) လအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံများ၊ SIM Registration နှင့်ပတ်သက်၍ Common Database ပြုလုပ်ဆောင်ရွက်မည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
(သတင်းစဉ်)


