နေပြည်တော် ၈ မေ 
    

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဗန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယား နိုင်ငံသံရုံး ဒုတိယအကြီးအကဲ Ms. Judith Schildberger နှင့်အဖွဲ့အား ယနေ့ညနေ (၃)နာရီခွဲတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
    

 

တွေ့ဆုံစဉ် နိုင်ငံတွင်းနေထိုင်သူ အားလုံးကို  Biographic နှင့်  Biometric Data များ ကောက်ယူပြီး လူတစ်ဦးချင်းစီကို Unique ID နံပါတ်သတ်မှတ် ထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်များအပေါ် အကူ အညီပေးနိုင်ရေးအတွက် ပြီးခဲ့သည့် မတ်လအတွင်း မိမိနှင့်ဩစတြီးယားနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့မှု၊ ဧပြီလအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရုတ်နိုင်ငံ ခရီးစဉ်တွင် ဩစတြီးယား နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ UID Project (Unique Identification) စီမံကိန်းတစ်ခုလုံး၏ လုပ်ငန်းစဉ် အဆင့်ဆင့်၊ ကူညီ ထောက်ပံ့နိုင်မည့် ရန်ပုံငွေအစီအစဉ်များနှင့် လုပ်ငန်းစီမံချက်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့မှု၊ ဩစတြီးယားနိုင်ငံ၏ UID ဆိုင်ရာ နည်းပညာများအား အပြည့်အဝ မျှဝေပေးနိုင်ရေးနှင့် မိမိတို့နိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် e-ID စနစ်လုပ်ငန်းစီမံချက်အား မြန်မာ-ဩစတြီးယား နှစ်နိုင်ငံအစိုးရအချင်းချင်း နီးကပ်စွာ အပြန်အလှန်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 


(သတင်းစဉ်)