နေပြည်တော် ၆ မတ်
မြန်မာ - တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးအတွက် EOI (Expression of Interest) ခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် EOI ခေါ်ယူရေးနှင့် စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာ - တရုတ် နယ်စပ်စီးပွားရေးဇုန်များ တည်ထောင် အကောင်အထည်ဖော်ခြင်းဖြင့် နယ်စပ်ဒေသများတွင် ကုန်ထုတ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အခြားဝန်ဆောင်မှု လုပ်ငန်းများ၊ ကုန်သွယ်မှုဆိုင်ရာ Logistic လုပ်ငန်းများ စသည်ဖြင့် လုပ်ငန်းနယ်ပယ် အသီးသီးတွင် တိုးတက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်နှင့် Value Added လုပ်ငန်းများ သိသိသာသာ တိုးတက်လာမည်ဖြစ်ပြီး ကုန်သွယ်မှုပမာဏ မြင့်မားစွာ ဆောင်ရွက်နိုင်မည့်နည်းအတူ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများလည်း ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကချင်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
(သတင်းစဉ်)


