စစ်ကိုင်း ၂၃  ဇူလိုင်

 

စစ်ကိုင်းမြို့ မြစ်ရေမြင့်တက်မှုအခြေအနေမှာ  ဇူလိုင် ၂၃ ရက် နံနက် ၁၁ နာရီတွင် စစ်ကိုင်းခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းတာချက်များအရ ဧရာဝတီမြစ်ရေသည် (၁၀၉၉)စင်တီမီတာသို့ ရောက်ရှိနေကြောင်းသိရသည်။

 

“စစ်ကိုင်းမြို့၏ စိုးရိမ်ရေအမှတ်သတ်မှတ်ချက်မှာ (၁၁၅၀)စင်တီမီတာဖြစ်ပါတယ်။ ယနေ့နံနက်ပိုင်းမှာ တိုင်းတာချက်အရ လက်ရှိရေအမှတ်အထက်(၁)ပေ(၆)လက်မကျော် မြင့်တက်လာမှ စိုးရိမ်ရေအမှတ်ကို ရောက်ရှိမှာပါ။ စစ်ကိုင်းမြို့တွင် မြို့၏စိုးရိမ်ရေအမှတ်ထက် ကျော်လွန် ရောက်ရှိခဲ့သည့်ရေအမှတ်နှင့် ခုနှစ်များမှာ ၂၀၀၂ ခုနှစ်မှာ (၁၁၆၂)စင်တီမီတာ၊ ၂၀၀၄ ခုနှစ် မှာက စစ်ကိုင်းမြို့၌အမြင့်ဆုံးစံချိန်ဖြစ်တဲ့ (၁၂၇၄) စင်တီမီတာသို့ရောက်ရှိခဲ့ပါတယ်၊  ၂၀၀၇ ခုနှစ်မှာ (၁၁၆၄) စင်တီမီတာ၊ ၂၀၁၃ခုနှစ်မှာ (၁၁၉၇) စင်တီမီတာ၊ ၂၀၁၆ ခုနှစ်မှာ (၁၂၁၈)စင်တီမီတာများသို့ မြင့်တက်ခဲ့ဖူးကြောင်းနှင့် ယခုလို ဧရာဝတီမြစ်ရေမြင့်တက် နေချိန်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပြည်သူများကို အချိန်နှင့်တစ်ပြေးညီ ကျွန်တော်တို့နေ့စဉ် တစ်နာရီ တစ်ကြိမ်နှုန်းဖြင့် တိုင်းတာကာ ထုတ်ပြန်တင်ပြပေးနေပါတယ်” ဟု   စစ်ကိုင်းခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်က ပြောသည်။     

 

မျိုးဝင်း(ပြန်/ဆက်)