ပုသိမ် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ RCC နှစ်ထပ်(Lပုံစံ)ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံအရည်အသွေး ပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး တို့အတွက် လူအင်အား၊ စက်အင်အားများဖြင့် အဆိုင်းခွဲ၍ ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်ရှိ နတ်ကန်ကျေးရွာနှင့် ဘိုးထောင့်ကျေးရွာသို့ ဆက်သွယ်ထားသော ဒါးကချောင်းကူး(နတ်ကန်) တံတားတည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်း ရှင်းလင်းဆောင်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် အင်တိုက်အားတိုက်ဆောင်ရွက်ရန်နှင့် အရည်အသွေးပြည့်မီရေးကို အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။ အဆိုပါတံတားသည် သံကူကွန်ကရစ် ရက်မ+ကြမ်းခင်း၊ သံကူကွန်ကရစ် ကမ်းကပ်ခုံ၊ တံတားအရှည်ပေ ၃၀၀၊ တံတားခန်း ဖွဲ့စည်းပုံ ပေ ၆၀ ငါးခန်း၊ တံတားအကျယ်ပေ ၂၀၊ ရေလွတ်ကင်းလွတ်အမြင့် ခြောက်ပေ၊ ရေလမ်း ကင်းလွတ်အကျယ် ၄၈ ပေ၊ ယာဉ်သွားလမ်းအကျယ် ၁၈ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင်တစ်ပေစီ၊ ခွင့်ပြုယာဉ် အလေးချိန် ၃၆ တန်ရှိမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


