ရန်ကုန်  ၂၀   မတ် 


ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့် (GAP)နှင့် အော်ဂဲနစ် လက်မှတ်ရ Food Safety ဖြစ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ဆိုင်ခန်းဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။ 


ယင်းကဲ့သို့ လက်မှတ်ရရှိထားသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ရန်ကုန်မြို့ရှိ စိုက်ပျိုးရေးသုံး ပံ့ပိုးပစ္စည်း အရောင်းဆိုင်နှင့် နည်းပညာ အကူအညီ ပေးရေးဌာန မြေပဒေသာကျွန်းတွင် ယခုလ ၂၃ ရက်မှစ၍ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များ၌ နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။


"အဲ့နေ့မှာ Safe Food From Safe Farm ဆိုတဲ့ စိတ်ချရတဲ့ သီးနှံထွက်ကုန်တွေကို ရောင်းချတဲ့ ပွဲလုပ်မှာဖြစ်ပါတယ်။ ဒါကလဲ ၂၀၁၅ ထဲက စလုပ်ခဲ့တာ အဲ့တုန်းက တစ်ပတ်ကို ၁ ရက် စနေနေ့ပဲလုပ်ခဲ့တာ ၂ နှစ် ၃ နှစ်လောက် ဆက်တိုက်လုပ်ခဲ့ပြီး မနှစ်ကတော့ အင်အားနည်းသွားတယ်။ အခုကပြန်မွမ်းမံပြီး ပြန်လုပ်တာပါ" ဟု   မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်၊ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။


ယင်းကဲ့သို့ ဖွင့်လှစ်ရောင်းချခြင်းကို စိုက်ပျိုးရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆိုင်ခန်းပေါင်း ၃၄ ခန်းဖြင့် စတင်ဖွင့်လှစ် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။


GAP လက်မှတ်ရ၊ အော်ဂဲနစ်လက်မှတ်ရနှင့် သဘာဝအတိုင်း သီးပွင့်သော သီးနှံများကိုသာ ရောင်းချမည်ဖြစ်ပြီး ၎င်းတို့က ရောင်းသင့်သည်ဟု ထောက်ခံချက်ပေးထားသော ခြံပေါင်း ၁၇ ခြံမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ရောင်းချမည်ဖြစ်ကြောင်း သိရသည်။


"ဒါက GAP လက်မှတ်တို့ အော်ဂဲနစ်လက်မှတ်တို့ စနစ်တကျ လုပ်ထားပြီးတဲ့ သူတွေအတွက်ကိုရော စိုက်ပျိုးတဲ့ တောင်သူတွေ အတွက်ကိုရော ဈေးကွက်ဖော်ဆောင်ပေးတာဖြစ်သလို စားသုံးသူတွေက ပိုးသတ်ဆေးတွေရှိမလားဆိုတဲ့ အတွေးတွေကိုလဲ ဖြေဖျောက်ပေးဖို့ Food Safety ဖြစ်တဲ့ အစားအစာ ဘေးကင်းလုံခြုံတယ်ဆိုတာကို တာဝန်ခံပြီး ကျွန်တော်တို့ ဖွင့်လှစ်တာဖြစ်ပါတယ်" ဟု ဦးစိုးသန်းမင်းဒင်က ပြောသည်။


ထိုသို့ လာရောက်ရောင်းချသူများ အနေဖြင့် အသိအမှတ်ပြု လက်မှတ်တခုခု ရှိရမည်ဖြစ်ပြီး အစစ်ဆေးခံနိုင်ရမည်ဖြစ်ပြီး ယင်းဆိုင်ခန်းများတွင် မရိုးမသား ရောင်းချမှုများကို စစ်ဆေးတွေ့ရှိပါက ရာသက်ပန် ရောင်းချခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။


ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ရောင်းချခြင်းကို ၂၀၁၅ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် လုပ်ငန်းကြီးကြပ်မှု အားနည်းခြင်းနှင့် ရောင်းချသူများဘက်က မရိုးသားမှုများကြောင့် ၂ ဆိုင် ၃ ဆိုင်ခန့်သာ ကျန်ရှိတော့သည့်အတွက် ယခုအခါ ပြန်လည်မွမ်းမံ၍ ရောင်းသူဝယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်သည့် ဈေးနှုန်းဖြင့် ဖွင့်လှစ်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။


မြန်မာ့စိုက်ပျိုးရေးမှ GAP လက်မှတ်အား သီးနှံ ၁၅ မျိုးကို ပေးထားပြီး  မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းက ပေးသည့် အော်ဂဲနစ်လက်မှတ်မှာ ၇ ခုရှိကြောင်း သိရသည်။


အေးယမုံ