ဘားအံ ၂၈ ဧပြီ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာရှိ ဂျိုင်းမဟာမုနိ စေတီတော် မြတ်ကြီးနှင့် ဂျိုင်းစူဠာမုနိစေတီတော်မြတ် (၂)ဆူအား ရွှေထီးတော်တင်လှူပူဇာ်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ စေတီတော်ဝန်းအတွင်း ကျင်းပသည်။
ရှေးဦးစွာ ကရင်ပြည်နယ် သံဃနာယက ဥက္ကဌဆရာတော် ဓမ္မဝါသီကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တ ဥတ္တရ အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွား သရဇ္စျာယ်ချီးမြှင့်တော်မူကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များထံ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် အလှူရှင် ဘုရားဒါယကာ၊ ဒါယိကာမများက စိန်ဖူးတော်၊ ဌက်မြတ်နားတော်နှင့် လှူဖွယ် ပစ္စည်းများအား ဆက်ကပ်လှူဒါန်းပြီး ကျိုက်ထီးဆောင်း ဒုတိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနာဂဒီပမှ စေတီတော် မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် ဆက်ကပ်လှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟ အသင်း(ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ တို့မှ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် (၁၁)ပါးမြောက် တိပိဋ္ဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ ဣန္ဒပါလ ဆရာတော် ရေးစပ်သီကုံးထားသော စေတိယပူဇာ မင်္ဂလာရတုပိုဒ်စုံကို တေးသံရှင် စိမ့်နေခြည်က သီဆိုပူဇော်ပြီး မြန်မာပြည်သိန်းတန်က သဒ္ဓါယုံ၍ ရတနာပုံသီချင်းဖြင့် သီဆိုပူဇော်သည်။
ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့၊ မင်းကျောင်းပရိယတ္တိစာသင်တိုက် ပဓါနနာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသ မှ လှူဒါန်းမှု အစုစုအတွက် ရေစက်ချတရားဟောကြားကာ စိန်ဖူးတော်၊ ဌက်မြတ်နားတော်၊ ရွှေထီးတော်တို့အား ဒေဝါဝင်း ရာဇာဝင်းခြံရံလျက် စေတီတော်အထွဋ်သို့ပင့်ဆောင်၍ ဆရာတော် အရှင်သူမြတ်တို့က ဇယမင်္ဂလာအောင်ဂါထာများ ရွတ်ဆိုပူဇော်၍ ထီးတော်တင်လှူပူ ဇော်ကြသည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော်များက ဗုဒ္ဓါဘိသေကအနေကဇာတင် တော်မူကြသည်။
ယနေ့ ရွှေထီးတော်တင်လှူပူဇာ်သည့် ဂျိုင်းမဟာမုနိစေတီတော်မြတ်ကြီးနှင့် ဂျိုင်းစူဠာမုနိစေတီတော်မြတ်နှစ်ဆူသည် ပုဂံခေတ်အလောင်းစည်သူမင်း ဖောင်တော် ဆိုက်ရာတွင် တည်ထားကိုးကွယ်ခဲ့သော စေတီတော်များ ဖြစ်ကြောင်းသိရသည်။
(သတင်း၊ဓာတ်ပုံ/မင်းသစ်)


