ဇူလိုင် ၂၂

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးချက်ချင်းလုပ်ဆောင်ရန် ဂျပန်နှင့် ဉရောပသမဂ္ဂအပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံက တောင်းဆိုသည့်ပူးတွဲကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအင်န်ဂျီအိုအဖွဲ့ကပြုလုပ်သော ကယ်ဆယ်ရေးလုပ်ငန်းများဘေးကင်းပြီး ထိထိရောက်ရောက်လုပ်ဆောင်နိုင်စေရန် အစ္စရေးနိုင်ငံအား တောင်းဆိုထားသည်။

ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားများထိခိုက်ဒဏ်ရာသေဆုံးမှုများပြားလာချိန်တွင် ယခုကဲ့သို့ထုတ်ပြန်ချက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလက  အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ပဋိပက္ခဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဂါဇာအလယ်ပိုင်းရှိ ဒီအာအယ်လ်ဘာလာရှ်တွင်  အစ္စရေးမြေပြင်တပ်ဖွဲ့က စစ်ဆင်ရေးလုပ်ဆောင်လျက်ရှိသည်ဟု ဒေသတွင်မီဒီယာတွင် ယမန်နေ့ကဖော်ပြထားသည်။

ဂါဇာဒေသတွင် စားရေရိက္ခာပြတ်လပ်မှုများနှင့်ရင်ဆိုင်နေရသဖြင့် မေလက  အမေရိကန်ဦးဆောင်သည့် ဖောင်ဒေးရှင်းတစ်ခုက  စားရေရိက္ခာဖြန့်ဝေပေးမှုစတင်လုပ်ဆောင်ခဲ့သော်လည်း ယင်းနေရာအနီးတွင် အစ္စရေးတပ်ဖွဲ့များ၏ပစ်ခတ်မှုကြောင့် အရပ်သား ၁၀၂၁ ဦးထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို