ဂန့်ဂေါ ၄ မတ်
တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ လှူဒါန်းမှုဖြင့် မောက်လင်းကျေးရွာအနီးတွင် မတည်ဆောက်လုပ်သည့် မြစ်သာမြစ်ကူး လူကူးကြိုးတံတား အမှတ်(၂) ဖွင့်ပွဲကို မတ် ၃ ရက်က အဆိုပါတံတားထိပ်၌ ကျင်းပရာ ယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ဂန့်ဂေါခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။
ထို့နောက် ယောဆရာတော် အမှူးပြု၍ တက်ရောက်လာကြသူများသည် ကြိုးတံတားအား ဖြတ်သန်းကြည့်ရှုကြသည်။ အဆိုပါကြိုးတံတားကို အလျား ၇၁၀ ပေ၊ အကျယ် ၆ ပေ၊ ချဉ်းကပ်လမ်းတံတား ၂၀ဝ ပေရှိ တံတားအဖြစ် ဆောက်လုပ်ထားပြီး ကုန်ကျမှု ကျပ်သိန်း ၂၀၁၄ ဖြစ်သည်။ အဆိုပါတံတားသည် မောက်လင်းကျေးရွာမှ ဂန့်ဂေါ-ကန် ကားလမ်းသို့ လွယ်ကူစွာ ဆက်သွယ်နိုင်သည့်အပြင် အနီးပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် ထယ်လှော်၊ ကျွန်းဒတ်၊ မြင်းဇာ၊ လက်ပန်၊ ကျွဲနန်း၊ တောင်လယ် စသည့် ကျေးရွာများပါ ဆက်သွယ်သွားလာမှု လွယ်ကူသွားပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်သည်။
တံတားဖွင့်ပွဲနေ့ အထိမ်းအမှတ်အဖြစ် မောက်လင်းရွာ သာသနာ့ရက္ခိတ ကျောင်းတော်၌ ရေစက်သွန်းချ အလှူတော်နှင့် ဓမ္မသဘင် ဆင်ယင်ကျင်းပရာ ယောဆရာတော်မှ တရားတော်ဟောကြား ချီးမြှင့်တော်မူခဲ့သည်။
ယောဆရာတော်၏ အလှူတော်အဖြစ် ၂၀၁၆ ခုနှစ်က လက်ပန်ရွာအနီးတွင် တိပိဋကမေတ္တာ မြစ်သာမြစ်ကူး ကြိုးတံတား အမှတ်(၁)ကို လှူဒါန်းခဲ့ကြောင်း ခရိုင်(ပြန်/ဆက်)မှ သိရသည်။
MDN


