ဂန့်ဂေါ ၂၄ ဧပြီ
ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းက ဂန့်ဂေါမြို့နယ် ရေရှင်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP ၁၆ ချက်ကို အသေးစိတ်ရှင်းလင်းကာ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာဆောင်ရွက်ခြင်း၏ အရေးပါအကျိုးရှိပုံများ၊ GAP အကြောင်းသိကောင်းစရာ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ထို့ပြင် ဂန့်ဂေါမြို့နယ်တွင်၂၀၁၉ ခုနှစ် မိုးရာသီ၌ အရည်အသွေးကောင်း နှမ်းနက် ၁၅၀ဝ ဧကကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်အညီ စိုက်ပျိုးထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း၊ ယမန်နှစ်က နှမ်းနက်ကို GAP စနစ်ဖြင့် ၄၄၄ ဧက စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိန်ကျော်


