ဩဂုတ် ၁၂

 

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ ယမန်နေ့က နှစ်ဦးထက်မနည်းသေဆုံးပြီး ပျောက်ဆုံးနေသူအများအပြားရှိကြောင်း ဒေသခံမီဒီယာက ဖော်ပြထားသည်။

 

ကူးမားမိုတိုစီရင်စုကိုဆာမြို့တွင် အမျိုးသားတစ်ဦးသည် ၎င်း၏မိသားစုနှင့် အတူဘေးလွတ်ရာသို့ ထွက်ခွာလာစဉ် မြေပြိုမှုဖြစ်ပွားခဲ့ရာ ၎င်းတို့၏ကားမျောပါသွားပြီးနောက်  ထိုအမျိုးသားပျောက်ဆုံးသွားသည်ဟူသော ဒေသအာဏာပိုင်များနှင့် ကယ်ဆယ်ရေးသမားများ၏ ပြောကြားချက်ကို ကိုးကားပြီး ကျိုဒိုနယူးစ်က ဖော်ပြထားသည်။

 

မိခင်ဖြစ်သူနှင့် ကလေးငယ်နှစ်ဦးကို ကယ်ဆယ်ရရှိခဲ့သည့် အနီးနားမှာပင် အသက်မရှိတော့သော အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ရာ ရဲတပ်ဖွဲ့က ထိုအမျိုးအသား မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုချက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

 

အဆိုပါစီရင်စုရှိ ယာဆူရှီရိုမြို့တွင် ဆည်မြောင်းတစ်ခုအတွင်းသို့ ထိုးကျခဲ့သော ကားတစ်စီးအတွင်း သေဆုံးလျက်ရှိသော အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့ကြောင်း ထပ်လောင်းဖော်ပြထားသည်။

 

မိုးလေဝသဌာနက ကူးမားမိုတိုစီရင်စု၏ဒေသအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ပတ်သက်သည့် အရေးပေါ်သတိပေးချက်များ ထုတ်ပြန်ထားသော်လည်း မွန်းလွဲပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှု သတိပေးချက်အဆင့်လျှော့ချလိုက်ပြီး ရေဘေးသင့်ဒေသများရှိ ဒေသခံများအား သတိဖြင့်နေထိုင်ကြရန် တိုက်တွန်းပြောကြားထားသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို