တိုကျို ဇွန် ၁၉
အပူလှိုင်းသည် ဂျပန်နိုင်ငံ၏ နေရာအနှံ့အပြားတွင် ဆက်လက်လွှမ်းမိုးနေကြောင်း ဇွန် ၁၉ ရက် တွင် အပူချိန်သည် ၃၅ ဒီဂရီ စင်တီ ဂရိတ်နှင့် အထက်သို့ ရောက်ရှိခဲ့ပြီး အချို့နေရာများတွင် သုံးရက် ဆက်တိုက် အပူချိန်မြင့်တက်ခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။
ဂျပန်နိုင်ငံ၏ တချို့ဒေသများ၏ ကောင်းကင်တွင် လေဖိအားမြင့်ရပ်ဝန်းတစ်ခုဖြန့်ကြက်နေသည် ဟု မိုးလေဝသအေဂျင်စီက ပြောကြားသည်။ ဂျပန်အနောက်တောင်ပိုင်း ခါဂိုရှီမခရိုင် အမာမီ ဒေသတွင် မိုးရာသီကုန်ဆုံးသွားပုံရသည်ဟု မိုးလေဝသတာဝန်ရှိသူများက ကြေညာခဲ့သည်။ အဆိုပါ ဒေသတွင် ပုံမှန်နှစ်တွေထက် ၁၀ ရက်၊ မနှစ်ကထက် သုံးရက်စောပြီး မိုးရာသီကုန်ဆုံးခဲ့ခြင်း ဖြစ်သည်။ ပြင်းထန်သည့် နေရောင်ခြည်များကြောင့် ဂျပန်နိုင်ငံတစ်ဝန်း အပူချိန်များ မြင့်တက် ခဲ့သည်။
တိုကျိုတွင် အပူချိန် ၃၂ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့သည်။ အပူလျှပ်ခြင်းဆိုင်ရာ သတိ ပေးချက်များကို ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အပူလျှပ်ဝေဒနာခံစားခဲ့ ရပြီး လူတချို့သေဆုံးခဲ့သည်။
လူများကို လိုအပ်သလို လေအေးပေးစက် အသုံးပြုရန်၊ အရည်နှင့် ဆားကိုသောက်ရန်နှင့် မကြာခဏ အနားယူရန် အကြံပြုထားသည်။ တိုဟိုကု၊ ကန်တို-ကိုရှင်နှင့် အခြားဒေသများတွင် လေထု အခြေအနေ မတည်မငြိမ်ဖြစ်ပြီး အချို့နေရာများတွင် မိုးတိမ်များ ဖြစ်ထွန်းလျက်ရှိသည်။ ဇွန် ၁၉ ရက် ညနှောင်းပိုင်းအထိ မိုးကြိုးပစ်ခြင်းနှင့် လေဆင်နှာမောင်းကဲ့သို့သော လေပြင်းတိုက်ခြင်း များကို သတိထားရန် တာဝန်ရှိသူများက တောင်းဆိုထားသည်။
အင်န်အိတ်ချ်ကေ


