ဆီဆိုင် ၃ မတ်
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်း စီမံကိန်းအရ ဒေသခံကလေးများပညာရေး ပတ်ဝန်းကျင်ကောင်းတွင် ပညာသင်ယူနိုင်ရန်၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခြင်းမှတစ်ဆင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှု၊ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောက်လုပ်သော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ပွန်ရမ်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မတ် ၁ ရက် နံနက် ၁၀ နာရီက အဆိုပါ ကျောင်းဆောင်သစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ဆီဆိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခရိုင်ပညာရေးမှူး ဦးကိုကိုနိုင်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ နိပွန်ဖောင်ဒေးရှင်း (စေတနာ) အဖွဲ့တာဝန်ခံ ဒေါ်အေးအေးသန့်နှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ဟိုပုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်သက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်ရှေ့တွင် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးကြကာ အမှတ်တရ သစ်ပင်စိုက်ပျိုး၍ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ခရိုင်ပညာရေးမှူး ဦးကိုကိုနိုင်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(ဟိုပုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်သက်၊ နိပွန်ဖောင်ဒေးရှင်း(စေတနာ) အဖွဲ့တာဝန်ခံ ဒေါ်အေးအေးသန့်တို့က အသီးသီး အမှာစကား ပြောကြားခဲ့ကြသည်။
ယင်းနောက် ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့ တာဝန်ခံ ဒေါ်အေးအေးသန့်က လွှဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ရပ်ရွာပူးပေါင်းပါဝင်မှုကို စေတနာအဖွဲ့သတ်မှတ်ချက်မှုအတိုင်း တွက်ချက်ပြီး ဒေသဖွံ့ဖြိုးရေး ဝင်ငွေတိုးလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်အတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သိန်း (၉၀)ကို နိပွန်ဖောင်ဒေးရှင်း(စေတနာ) အဖွဲ့တာဝန်ခံ ဒေါ်အေးအေးသန့်က ပွန်ရမ်းကျေးရွာ ဒေသဖွံ့ဖြိုးရေးကော်မတီသို့ ပေးအပ်ပြီး အမှတ်တရအလံနှင့် လက်ဆောင်များ ပြန်လည်ပေးအပ်ကာ ဒေသခံများကိုယ်စား ကျောင်းဆောက်လုပ်ရေး ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါကျောင်းဆောင်သစ်ကို အလျားပေ ၁၂၀၊ အနံပေ ၃၀၊ တစ်ထပ်ကျောင်းဆောင်၊ အလူဇင့်သွပ်မိုး၊ အုတ်ကာ၊ (အင်္ဂတေ)ကြမ်းခင်း၊ (၅)ခန်းတွဲ ရေလောင်းအိမ်သာ (၁)လုံး၊ ပေ(၄x၄x၄) ရေလှောင်ကန်(၂)လုံး၊ အလံတိုင်(၁)တိုင်၊ ဆရာ/မ စားပွဲ/ထိုင်ခုံ(၅)စုံ၊ ကျောင်းသား စာရေးစားပွဲ/ထိုင်ခုံ (၅၀)စုံနှင့် White Board (၅)ချပ်တို့ဖြစ်ပြီး နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့မှ ပံ့ပိုးငွေကျပ် ၅၂၄၄၁၃၈၆ နှင့် ဒေသခံပြည်သူ ပူးပေါင်းထည့်ဝင်ငွေ ကျပ် ၁၃၄၂၁၀ဝ၀ စုစုပေါင်း ငွေကျပ် ၆၅၈၆၂၃၈၆ အကုန်အကျခံ ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


