ဂျပန်နိုင်ငံ၌ အားပြင်းသောတိုင်ဖွန်းမုန်တိုင်း လန် ဝင်ရောက်မှုကြောင့် ၂၆ ဦး ဒဏ်ရာရ

ဩဂုတ် ၁၅

ဂျပန်နိုင်ငံအနောက်ပိုင်းရှိခရိုင်ငါးခုတွင် အားပြင်းသောအပူပိုင်းမုန်တိုင်း လန် ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၂၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

အဆိုပါမုန်တိုင်းဘေးသင့်ဒေသများရှိ ရဲစခန်းများနှင့်မီးသတ်ဌာနများက  ထိုမုန်တိုင်းတိုက်ခတ်သဖြင့် အိုဆာကာတွင် ၁၁ ဦး၊ ယိုဂိုတွင် ခုနစ်ဦး၊ ကျိုတိုတွင် သုံးဦးနှင့် ဝါကာယာမာတွင် သုံးဦးနှင့် ရှီဂါတွင် နှစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့မွန်းလွဲပိုင်းတွင် ပြောကြားသည်။

ဝါကာယာမာမြို့တွင် ယင်းမုန်တိုင်းကြောင့် လေပြင်းများတိုက်ခတ်သဖြင့် တိုက်ခန်းနံရံပျက်စီးခဲ့ရာ ထိုအပျက်အစီးများအောက်တွင် ပိတ်မိခဲ့သော အသက် ၆၀ အရွယ် လူကြီးတစ်ဦး၏ အခြေအနေစိုးရိမ်ရသည်ဟု သိရသည်။ ယိုဂိုခရီုင် တာကာဆာဂိုမြို့တွင် အသက် ၉၅ နှစ်အရွယ် အဘွားအိုတစ်ဦး လဲကျပြီး သူမ၏ဦးခေါင်းထိခိုက်မိသွားသည်။

အိုဆာကာရှိ ဆာကာအီမြို့တွင် လေပြင်းတိုက်မှုကြောင့် အသက် ၇၅ နှစ်အရွယ် အဘွားအိုတစ်ဦး၏နေအိမ် တံစက်မြိတ်ပြိုကျမှုဖြစ်ပွားခဲ့ရာ ထိုအဘွားအို ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

တိုယိုနာကာမြို့တွင် လေပြင်းတိုက်သဖြင့် အသက် ၈၀ အရွယ် အဘွားအိုတစ်ဦးလဲကျကာ သူမ၏ပေါင်ရိုးကျိုးသွားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို