ဟားခါး ၂၇ ဧပြီ
ဟားခါးမြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ခြင်းနှင့် ရွေ့လျားစာကြည့်တိုက် (Mobile Library) ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ဟားခါးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရ အဖွဲ့တို့ ပူးပေါင်းစီမံမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္ထုဝန်ကြီး ဦးမန်ဟင်းဒါးလ်၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြရာ ကျောင်းသား/ကျောင်းသူများက ဘင်ခရာနှင့် ပန်းပွားအကတို့ဖြင့် ဖျော်ဖြေကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လူထုအခြေပြုဗဟိုဌာနဆိုင်းဘုတ်နှင့် ရွေ့လျားစာကြည့်တိုက်ယာဉ်တို့ကို အမွေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးကြပြီး ရွေ့လျားစာကြည့်တိုက်အား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ထားသည့် စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းတို့အား လှည့်လည်ကြည့်ရှုကြပြီး ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲဝင်နေကြသည့် ကလေးများအား လက်ဆောင်အရုပ်များ ပေးအပ်သည်။ ဆက်လက်၍ ကွန်ပျူတာသင်တန်းခန်းမ၌ သင်တန်းဖွင့်လှစ်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် လူထုအခြေပြုဗဟိုဌာနနှင့် ရွေ့လျားစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ယာယီမဏ္ဍပ်နှင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းအချက်အလက် ဖြန့်ဝေပေးသည့် ပြန်ကြားရေးလုပ်ငန်း၊ အသိပညာဗဟုသုတ မျှဝေဖြည့်ဆည်းပေးသည့် ပညာပေးလုပ်ငန်းနှင့် ဖျော်ဖြေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ရုပ်/သံ ထုတ်လွှင့်မှုအပြင် အသံလွှင့်လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် နည်းဥပဒေရေးဆွဲလျက်ရှိရာ ၎င်းလုပ်ငန်းများပြီးစီးပါက ရုပ်/သံလုပ်ငန်းများအပြင် Community Radio လုပ်ငန်းများလည်း ပိုမိုတိုးတက် ဆောင်ရွက်လာနိုင်မည် ဖြစ်ပါကြောင်း၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနအနေဖြင့် နိုင်ငံတော်ပြန်တမ်း ထုတ်ဝေခြင်း၊ စာပေဆုချီးမြှင့်ခြင်း၊ ကျောင်းသုံးပြဌာန်းစာအုပ်များ ပုံနှိပ်ထုတ်ဝေခြင်း၊ စာပေဗိမာန်မှ စာအုပ်ထုတ်ဝေခြင်းလုပ်ငန်းများအပြင် ထွန်းဖောင်ဒေးရှင်းနှင့်ပူးပေါင်းပြီး မြန်မာစွယ်စုံကျမ်းကို လက်ရှိအခြေအနေနှင့် ကိုက်ညီအောင်ပြုစုပြီး ထုတ်ဝေရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့် မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာ(၃)စောင်ကို နေ့စဉ်ထုတ်ဝေမှုအပြင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ရန်ကုန်နှင့် မန္တလေးစာမျက်နှာများ၊ တိုင်းရင်းသားရေးရာနှင့် လူငယ်များအတွက် မျိုးဆက်သစ်ရင်ပြင်၊ ကလေးများအတွက် ကာတွန်းစာမျက်နှာ စသည်ဖြင့် အချပ်ပိုစာမျက်နှာများ ထည့်သွင်းထုတ်ဝေဖြန့်ချိလျက် ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရေးလုပ်ငန်းများ ဆောင်ရွက်မှုကို ပြောကြားလိုပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးများနှင့် စာကြည့်တိုက်များကို ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ်၊ ဘက်စုံသုံးခန်းမများဖြင့် ဖွဲ့စည်းဆောင်ရွက်မှုအပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်းပြီး ကွန်ပျူတာသင်တန်းခန်းမ၊ ရွေ့လျားစာကြည့်တိုက် လုပ်ငန်းများ ဖြည့်စွက်၍ လူထုအခြေပြုဗဟို ဌာနများအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ် လျက်ရှိပါကြောင်း၊ ၎င်းတွင် စာဖတ်ဝိုင်းများ၊ ပြည်သူ့စကားဝိုင်းများ သင်တန်းများ ကျင်းပမှုအပြင် အားကစားပစ္စည်းများပါထည့်သွင်းပြီး အများပြည်သူ ဝင်/ထွက်သွားလာ စုဝေးရာ အကျိုးရှိသည့်နေရာဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်နေပါကြောင်း၊ ပြည်သူ့စကားဝိုင်းများကို ကာလဒေသနှင့်ကိုက်ညီသည့် ခေါင်းစဉ်၊ အကြောင်းအရာများ ရွေးချယ်ပြီး အပြန်အလှန်ဆွေးနွေးမှုဖြင့် ဒီမိုကရေစီအင်္ဂါရပ်နှင့်အညီ ပြည်သူများအကြား စနစ်တကျဝေဖန်သုံးသပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အများပြည်သူအတွက် အကျိုးရှိအောင် ရည်ရွယ်ချက်ရှိစွာဖြင့် စီမံဆောင်ရွက်နေမှုအပေါ် ပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့်အောင်မြင်မှုရှိအောင် ဆောင်ရွက်ပေးကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြည်သူများ အသိပညာဗဟုသုတတိုးပွားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့တွင် စာပေဖတ်ရှုလေ့လာမှု တိုးမြင့်ဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးက ဖောင်ဒေးရှင်း၏ ရေတို/ရေရှည် အစီအမံနှင့် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းပြောကြားရာ ဒေသခံပြည်သူများကိုယ်စား မြို့မိမြို့ဖ ဦးငွန်ဝုန်းက ဟားခါးဒေသအတွက် လူထုအခြေပြုဗဟိုဌာနနှင့် ရွေ့လျားစာကြည့်တိုက် စီမံဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဟိုတယ်နှင့် ချက်နည်းပြုတ်နည်းသင်တန်းကျောင်း (Hospitality and Cateriy Traing Academy)နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းများဖြစ်သော လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်း၊ လူနေအိမ်၊ ဆရာဆောင်နှင့် စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ ဆိုလာမီး၊ လျှပ်စစ်မီး ရရှိရေး ကူညီပေးခြင်း၊ ရေတွင်းရေကန်များ တူးဖော်ခြင်း၊ သဘာ၀ဘေးဒဏ် ခံစားရသော ပြည်သူများကို ကူညီခြင်း စသည့် လုပ်ငန်းဆောင်ရွက်မှုများအပြင် ရွေ့လျားစာကြည့်တိုက် လုပ်ငန်း(၁၅)ခု ဆောင်ရွက်လျက်ရှိရာ ယနေ့ကျင်းပပြုလုပ်သည့် ဟားခါးမြို့ လူထုအခြေပြု ဗဟိုဌာနှင့် ပူးပေါင်းဆောင်ရွက်မှုအပါအဝင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၄)ခု ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟားခါးမြို့ရှိ ချင်းတိုင်းရင်းသားတို့၏ ရိုးရာနေအိမ်ပြတိုက်ကိုလည်းကောင်း၊ ရှုခင်းသာမျှော်စင်ကိုလည်းကောင်း၊ ဖလမ်းမြို့နယ်ရှိ ဆူရ်ဘုန်လေယာဉ်ကွင်းသစ် ဖောက်လုပ်မှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


