ဟာဝိုင်ယီ၌ တောမီးလောင်မှုကြောင့် သေဆုံးသူ၁၀၀ကျော်ရှိလာပြီဖြစ်ပြီး ဂျပန်မှအကူအညီ ဒေါ်လာ နှစ်သန်းပေးအပ်မည်

ဟာဝိုင်ယီ ဩဂုတ် ၁၆

အမေရိကန်ပြည်ထောင်စု မော်အီကျွန်းတွင် လတ်တလော တောမီးကြောင့် သေဆုံးသူဦးရေ မှာ ၁၀၀ ကျော်ရှိလာပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီအဖြစ် ဂျပန်နိုင်ငံမှ ဒေါ်လာနှစ်သန်း ကူညီပေးသွားမည်ဟု ဂျပန်အစိုးရ က ဩဂုတ် ၁၆ ရက်တွင် ပြောသည်။

အမေရိကန် ကြက်ခြေနီအသင်းအပါအဝင် အခြားသောအဖွဲ့အစည်းများမှတစ်ဆင့် အကူအညီ ပေးအပ်သွားမည်ဖြစ်ပြီး ကယ်ဆယ်ရေးနေရာများ တွင် လုံခြုံစိတ်ချရမှုရှိစေရေး၊ အစားအသောက် ပေးဝေနိုင်ရေးနှင့်စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ ပေးနိုင်ရေး ရည်ရွယ်ထားသည်။

ဂျပန်နှင့် ဟာဝိုင်ယီတို့သည် လွန်ခဲ့သည့် နှစ်များစွာကတည်းက ရင်းနှီးသည့် ဆက်ဆံရေး ရှိပြီး နယ်ပယ်အများအပြားတွင် အချင်းချင်းဖလှယ်မှုများရှိသည်ဟုနိုင်ငံခြားရေးဝန်ကြီးယိုရှီမာဆာဟာယာရှီ ကပြောသည်။ အကူအညီ ဒေါ်လာ ၁ ဒသမ ၅ သန်းကို အမေရိကန်ကြက်ခြေနီ အသင်းသို့ ပေးအပ် သွားမည်ဖြစ်ပြီး ကျန်ငွေများကို တိုကျိုအခြေစိုက် အကျိုးအမြတ်မယူသည့် အဖွဲ့ အစည်းများကို ပေးအပ်သွားမည်ဟု သိရသည်။

ဟာဝိုင်ယီပြည်နယ်မော်အီကျွန်း၌ဖြစ်ပွားခဲ့သည့်တောမီးမှာ ၁၉၁၈ ခုနှစ်မှစတင်၍ အမေရိကန်တွင် အဆိုးရွားဆုံးသဘာဝဘေးဖြစ်သည်။ ၁၉၁၈ ခုနှစ် မင်နီဆိုးတားပြည်နယ်၌ ဖြစ်ပွားခဲ့သည့်တောမီး ကြောင့် လူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့ရသည်ဟု အမေရိကန်မီဒီယာများတွင် ဖော်ပြကြသည်။

ကျိုဒို