ရေတာရှည် ၃ မတ် 

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် တောင်ပေါ်ဒေသများရှိ ကျေးရွာများသည် လမ်းပန်းဆက်သွယ်မှု အခက်အခဲကြောင့် ဒေသဖွံ့ဖြိုးမှု များစွာနောက်ကျလျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၆ဝဝ ဖြင့် တံတားလေးစင်းအပါအဝင် တစ်ကြောင်းထိုး မြေသားလမ်းအဖြစ် ၁၈ မိုင် ပြီးစီးသွားဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ 

 

သာဂရ-ကိုးပင် ရိုးမဖြတ်ကျော်ကားလမ်း၊ ရေငန်းအုပ်စု၊ ဇရဲပေါက်ကျေးရွာမှစတင်၍ တောင်ပေါ်ဒေသများကိုဖြတ်ကာ မရိုးခုံ-ကြံသနွယ်ကျေးရွာ စကွေးသစ်ထုတ်ကားလမ်းအထိ အရှည် ၃၈ မိုင်အား လျာထားဖောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

''တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ဖောက်လုပ်မှာက အရှည် ၃၈ မိုင် ဒီနှစ်ရတဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၆ဝဝ နဲ့ တံတားလေးစင်း အပါအဝင် တစ်ကြောင်းထိုးမြေသား လမ်း ၁၈ မိုင် ဖောက်လုပ်ပြီးသွားပါပြီ။ တင်ဒါအောင်မြင်တဲ့ ပန်းသီကုမ္ပဏီက တာဝန်ယူဖောက်လုပ်တာ ဖြစ်ပါတယ်''ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

 

အဆိုပါတောင်ပေါ် ဒေသနေ ကျေးရွာများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ပညာရေးကဏ္ဍများတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ခြင်းမရှိသည့်အတွက် လူမှုဘဝဖွံ့ဖြိုးမှု များစွာနောက်ကျခဲ့ရပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒေသခံများတွေ့ဆုံစဉ် ဒေသ၏ အဓိကလိုအပ်ချက်ဖြစ်သော လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးကို အဓိကထား တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း မြောင်သာကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ 

 

''ကျွန်တော်တို့နေထိုင်တဲ့ဒေသက တောင်ပေါ်ဒေသဆိုတော့ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ဖို့ရာက အိပ်မက်တစ်ခုလိုပါပဲ။ ဒါကြောင့်လဲ ဝန်ကြီးချုပ်လာတုန်းက လမ်းဖြစ်မြောက်ရေးကိုပဲ အားလုံးက ဝိုင်းဝန်းတင်ပြကြတာပါ။ ခုတော့ အားလုံးရဲ့ ဆန္ဒပြည့်ဝပြီလို့ ဆိုရမှာပါ။ နွေရာသီမှာ လမ်းတွေကဆိုး၊ မိုးရာသီရောက်ပြန်တော့ ချောင်းရေကျအောင်စောင့်ရ၊ ဒီလိုနဲ့ပဲ ကလေးတွေဆို ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ရပဲ ကျောင်းထွက်လိုက်ရတာတွေ အများကြီးရှိတယ်''ဟု မြောင်သာကျေးရွာဒေသခံကပင် ဆက်လက်ပြောကြားသည်။ 

 

ကိုလွင်(ဆွာ)