စလင်း  ၅ မေ 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့မှ နှစ်ပေါင်းသက်တမ်း ၈ဝဝ ခန့်ရှိ ဝက်သည်ကန်ကြီးအတွင်း သဘာဝအလျောက် ပေါက်ရောက်နေသည့် ပဒုမ္မာ ကြာများမှ ကြာချည်ထုတ်လုပ်သည့် လုပ်ငန်းဖြင့် စလင်းမြို့နယ် ရှမ်းရွာကုန်းကျေးရွာနေ ဒေသခံများအနေဖြင့် ဝင်ငွေတိုးတက်ရရှိပြီး စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

0261

 

ဝက်သည်းကန်အတွင်း ပဒုမ္မာကြာများသည် နှစ်စဉ် မတ်လမှစတင်ပေါက်ပြီး ဒီဇင်ဘာလတွင် ကြာသက်တမ်းကုန်ကြောင်း၊ ရှေးယခင်က ဒေသခံများအနေဖြင့် ကြာပန်းများကို ဘုရားပန်းအဖြစ်ရောင်းချခြင်း၊ ကြာခွက်၊ ကြာစွယ်ခူးယူရောင်းချခြင်းတို့သာ လုပ်ကိုင်ကြရာမှ လွန်ခဲ့သော ခုနစ်နှစ်ခန့်မှစတင်၍ အင်းလေးဒေသမှ ကြာချည်ရက်လုပ်သော လုပ်ငန်းရှင်များ စလင်းဒေသသို့ ရောက်ရှိလာကာ ဒေသခံများအား ပဒုမ္မာကြာမှ ကြာချည်ထုတ်လုပ်ပုံများကို လက်တွေ့သင်ကြားပေး၍ ထုတ်လုပ်စေခဲ့ပြီး ဒေသခံများ ထုတ်လုပ်သည့် ကြာချည်များကိုလည်း ပေါက်ဈေးဖြင့် ဝယ်ယူခဲ့ကြကြောင်း သိရသည်။

 

371

 

ယခုအခါ ကန်ကြီးအနီးတွင် နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် ကန်ကြီးအတွင်းရှိ ကြာများမှ ကြာချည်ထုတ်လုပ်သည့် လုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိသည်။ ကြာချည်ထုတ်လုပ်ပုံ အဆင့်ဆင့်မှာ ရှေးဦးစွာ ကန်အတွင်းမှ ကြာရိုးများကို ကြာရိုး ၄ဝဝ ခန့်ပါသော ကြာထုံးများအဖြစ် စုစည်းရသည်။ ကြာထုံးတစ်ထုံးလျှင် ကျပ် ၁ဝဝဝ ဈေးရှိပြီး တစ်ရက်လျှင် ငါးထုံးခန့် နုတ်ယူနိုင်သည်။ ကြာတစ်ထုံးကို ကြာချည်ထုတ်ယူပါက ကြာချည်တစ်ကျပ်သားရရှိပြီး ကြာချည်တစ်ကျပ်သားလျှင် ကျပ် ၃ဝဝဝ ခန့်ရရှိသည်။ ကြာချည်တစ်ပိဿာလျှင် ကျပ်သုံးသိန်းဈေးဖြင့် အင်းလေးဒေသရှိ ကြာသင်္ကန်းထုတ်လုပ်ရေး အဝယ်ဒိုင်များသို့ ပေးသွင်းရကြောင်း ရှမ်းရွာကုန်းကျေးရွာနေ ကြာချည်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မာလာဝင်းက ပြောပြသည်။

ကြာချည်ထုတ်လုပ်ငန်း တွင်ကျယ်လာသည်နှင့်အမျှ ဒေသခံများအနေဖြင့် မိသားစုစားဝတ်နေရေး များစွာအဆင်ပြေလာကြပြီး ကြာချည်လုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် အရင်းအနှီးများ ရရှိစေရန် စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေမှ ချေးငွေများထုတ်ချေးပေးထားကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျက ပြောပြ၍ သိရသည်။

ငြိမ်းသူ(စလင်း)