ကျောက်မဲ ၃၀ ဧပြီ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၂)ရပ်ကွက် နမ့်စစ်လင်းကျောင်းတိုက်၌ ရှမ်းရိုးရာ ယဉ်ကျေးမှုနှင့်အညီ ရှင်သာမဏေ ၁၀၈ ပါး အလှူတော်မင်္ဂလာပွဲကို ဧပြီ ၂၉ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူပွဲတွင် ကျောက်မဲမြို့ရှိ နမ့်တုံ၊ ပေါက်ကုန်း၊ ကျောက်တောင် ရပ်ကွက်များနှင့် ပန်ပေါင်းကြီး၊ ပန်မောင်၊ လွယ်ဆာ၊ နမ့်ပျဉ်၊ ကောင်းဟုန်း၊ နမ့်ဟူးတောင်း၊ ခဲအင်း၊ ချုံးသစ်၊ ချုံးဟောင်း ကျေးရွာတို့မှ အလှူဒါယကာ ဒါယိကာမများ စုပေါင်း၍ ရှစ်ပါးပရိက္ခရာ စုံလင်စွာဖြင့် ရှင် ၁၀၈ ပါးကို ရှင်သာမဏေ ပြုပေးခဲ့ကြသည်။
ရှင်သာမဏေ ၁၀၈ ပါး ရှင်လောင်းစံများကို ရှမ်းရိုးရာ ယဉ်ကျေးမှုအရ ကျောက်မဲမြို့တွင်းသို့ လှည့်လည်ခဲ့ပြီး ဧပြီ ၃၀ ရက်တွင် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အမျှပေးဝေမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အလှူပွဲကို ကျောက်မဲမြို့ နမ့်စစ်လင်းကျောင်းတိုက် ရွှေဘုန်းရှိန် ရှေးဟောင်းစေတီတော်မြတ်ကြီး (၁၀၈) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နမ့်စစ်လင်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုမနာ လင်္ကာရ၏ သြဝါဒကို ခံယူ၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
MDN


