နေပြည်တော် ၂၇ ဧပြီ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း၌ မသင်္ကာဖွယ်ရာ ပစ္စည်းတစ်ခုတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းတွင် သွားရောက်စစ်ဆေးခဲ့ရာ AA အဖွဲ့ထောင်ထားသော ဒေသန္တရလုပ် အဝေးထိန်းမိုင်းတစ်လုံး တွေ့ရှိရကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၏ နေအိမ်အရှေ့ဘက် ပေ ၂၀ ခန့်အကွာ၌ ပလက်စတစ်ပိုက်ဖြင့်ပြုလုပ်ထားသော အချင်း ၄ လက်မ၊ အမြင့် ၆ လက်မခန့်ရှိ ဒေသန္တရလုပ်အဝေးထိန်း မိုင်းတစ်လုံးအား တွေ့ရှိခဲ့ပြီး မိုင်းရှင်းလင်းရေး အဖွဲ့များက သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
AA အဖွဲ့အနေဖြင့် အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းများပေါ်တွင် မိုင်းထောင်၊ မိုင်းခွဲခြင်းများ ဆက်တိုက်ဆောင်ရွက်လာသည့်အပြင် ယခုကဲ့သို့ ဌာနဆိုင်ရာ အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်လာနိုင်သောကြောင့် အများပြည်သူများအနေဖြင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းဟု ယူဆရသော မသင်္ကာဖွယ်ရာများတွေ့ရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များသို့ အချိန်မီအကြောင်းကြား ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း မိုင်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


