နေပြည်တော် ၂၆ ဧပြီ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အနီး၌ AA အဖွဲ့ ထောင်ထားသည့် ဒေသန္တရလုပ် အဝေးထိန်းမိုင်း ၂ လုံးအား တပ်မတော်လုံခြုံရေး စစ်ကြောင်းများက ယနေ့နံနက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ပြီး အများပြည်သူ အန္တရာယ်မရှိစေရေး ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းသည် ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် ဝဂင်းကျေးရွာ အနောက်ဘက်ရှိ ကျောက်တော်မြို့သို့ ဆက်သွယ်ထားသည့် မြေသားလမ်းပေါ်၌ မသင်္ကာဖွယ်နေရာတစ်ခုအား တွေ့ရှိရှင်းလင်းရာ ဒေသန္တရလုပ် အဝေးထိန်း မိုင်း ၁ လုံးအား ရှာဖွေတွေ့ရှိခဲ့ပြီး အနီးဝန်းကျင် ဆက်လက်စစ်ဆေးခဲ့ရာ အဆိုပါ မိုင်း တွေ့ရှိသည့်နေရာ၏ မြောက်ဘက် မီတာ ၅၀ ခန့်အကွာတွင် ဒေသန္တရလုပ် အဝေးထိန်း မိုင်း ၁ လုံး နှင့် Samsung အမျိုးအစားဖုန်း ၁ လုံးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရရှိသဖြင့် မိုင်းရှင်းလင်းရေးအဖွဲ့များဖြင့် စနစ်တကျ သက်မဲ့ပြုလုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီမှ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်အတွင်း အများပြည်သူ အသုံးပြု သွားလာလျက်ရှိသည့် လမ်းများပေါ်တွင် AA အဖွဲ့က မိုင်းထောင်ခဲ့သည့် အကြိမ် ၁၄ ကြိမ်၊ မိုင်း ၄၃ လုံး ဖော်ထုတ်ရရှိပြီး ခရီးသွားပြည်သူများ အန္တရာယ် မဖြစ်စေရေးအတွက် တပ်မတော်လုံခြုံရေး စစ်ကြောင်းများက လုံခြုံရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
(သတင်းစဉ်)


