ကျောက်တံခါး ၂၅ ဧပြီ

 

ပဲခူးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကြာအင်းကုန်း ကျေးရွာနှင့် အင်းပတ်လည်ကျေးရွာများမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်နှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့က နှုတ်ခွန်းဆက်စကားပြောကြားကြပြီး ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ဘေးဖြစ်ပွားခြင်းအတွက် ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်နှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့က လေဘေးသင့် အိမ်ထောင်စုများနှင့် မိသားစုများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ၊ အိမ်၊ ကျောင်းဆောက်လုပ်ပစ္စည်း ဝယ်ယူရန် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လေဘေးသင့် ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ကျောက်တံခါးမြို့နယ်အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၅)အုပ်စုတို့တွင် ဧပြီ ၂၁ ရက်က တိုက်ခတ်ခဲ့သော လေပြင်းမုန်တိုင်းကြောင့် နေအိမ် ၂၂ လုံး ပြိုလဲပြီး၊ နေအိမ်(၂၁၈)လုံးနှင့် ဘုန်းကြီးကျောင်း (၂)ကျောင်းမှ အမိုးများ ပျက်စီးသွားကြောင်း သိရသည်။

 

အဆိုပါ ပြိုလဲပျက်စီးသွားသော အိမ်များနှင့် ဘုန်းကြီးကျောင်းများအတွက် ပဲခူးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်၊ ကျောင်းဆောက်လုပ်ပစ္စည်းထောက်ပံ့ငွေကျပ် ၁၃၀၅၀ဝ၀ဝ၊ လေဘေးသင့်လူဦးရေ (၁၀၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ကျပ် ၂၂၂၆၀ဝ၊ စုစုပေါင်း ငွေကျပ် ၁၃၂၇၂၆၀ဝ နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)

 

received_3