ရန်ကုန် အောက်တိုဘာ ၁၆

ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေခြင်း၊   တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးကာ  အသိပညာချင်း   ဖလှယ် ဆောင်ရွက်လိုသည့်  စိတ်ဓာတ်များ အားကောင်းလာစေရန် ရည်ရွယ်၍   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့     ပူးပေါင်းကျင်းပသော   လူငယ်စကားဝိုင်း ဟောပြောပွဲနှင့်   စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို   ယမန်နေ့က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း ဧရာဝတီ ဆောင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက     အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးအရာရှိ ဦးမြင့်ဇော်က လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို လည်းကောင်း၊ ဦးဘိုကြည်(ဒေါက်တာဗိုလ်သံမဏိ)က စာဖတ်ခြင်း၏ အကျိုးရလဒ်များကိုလည်းကောင်း၊ စာရေးဆရာ ဦးစိုးမိုးသိန်း (လှိုင်သာယာ)က အနာဂတ်ကမ္ဘာနှင့် လူငယ်များ  အခန်းကဏ္ဍခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး စာရေးဆရာများက   ကျောင်းစာကြည့်တိုက်အတွက်      စာအုပ်စာစောင်များကို လှူဒါန်းရာ   ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။

အဆိုပါ လူငယ်စကားဝိုင်းကို ဒုတိယဦးစီးမှူး  ဒေါ်ဝေလွင်လွင်ကျော်က စတင်ဆွေးနွေးရာ G -10 မှ ကျောင်းသား ကျောင်းသူများဖြစ်သည့် မောင်ကောင်းထက်ဦးက လူငယ်နှင့်အားကစား၊  မပန်းအိမွန်က လူငယ်နှင့်ယဉ်ကျေးမှု၊ မငြိမ်းငြိမ်းသူက   လူငယ်နှင့်စည်းကမ်း၊ မောင်ပြည့်သူထွန်းက    လူငယ်နှင့်စာပေ၊ မအေးငြိမ်းသူက လူငယ်နှင့် ကျန်းမာရေး၊   မနွယ်နွယ်စိုးက လူငယ်နှင့် နည်းပညာ စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက  သိရှိလိုသည်များကို  အပြန်အလှန်ဆွေးနွေးကြပြီး လူငယ်ဆိုင်ရာ နံရံကပ်စာစောင်များ ပြသခြင်းနှင့် ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)