ကျောင်းကုန်း နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် အကျုံးမဝင်သည့် တောင်သူများအား ဒုတိယအကြိမ် ဓာတ်မြေဩဇာ ဖြန့်ဝေရန် စာချုပ်ချုပ်ဆိုမှုနှင့် လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက နိုင်ငံ့စီးပွား မြှင့်တင်ရေးနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်ရန် နိုင်ငံတော်က ပံ့ပိုးဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် အတိုး ၂ ရာခိုင်နှုန်းဖြင့် တစ်လုံးတည်း ပြန်လည်ပေးချေရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျေးရွာအုပ်စု ၃၁ အုပ်စုမှ တောင်သူ ၃၄၀ ၏ လယ်မြေ ဧက ၃၁၂၁ ဧကအတွက် မြန်မာ့ဩဘာ ဓာတ်မြေဩဇာ ၆၂၄၂ အိတ်ကို စတင်ဖြန့်ဝေပေးပြီး တစ်အိတ်လျှင် သယ်ယူစရိတ် ကျပ် ၃၆၀၀ အပါအဝင် ကျပ် ၁၀၄၂၀၀ ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


