ဆီဆိုင် ၂ မေ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြည်သူ+ ကျေးလက်+ ယူနီဆက်တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သည့် ပါလောပါကယ်ကျေးရွာအုပ်စု၊ ကောင်ပန်တန်း ကျေးရွာ(၇)ရွာ ပြည်သူလူထုအခြေပြု ရေမီတာသုံးပိုက်လိုင်း ရေပေးရေးစနစ်ဖွင့်ပွဲနှင့် တောထိုင်ဓလေ့ကင်းစင်သော ကျေးရွာများအား ဂုဏ်ပြုအသိအမှတ်ပြုခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ညှို့မှူးကျေးရွာတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ ရှမ်းပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်း၊ Unicef မှ Associate Director Ms.Kelly Ann Nayloe နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းအကြောင်းအရာများအား ရှင်းလင်းပြောကြားကာ၊ ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ သူဇာချစ်တင်က လူထုဦးဆောင်မှုဖြင့် အလုံးစုံသန့်ရှင်းရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် Unicef မှ Associate Director Ms.Kelly Ann Nayloe မှ ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားပြီး အထိမ်အမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်သူ+ ကျေးလက်+ ယူနီဆက်တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးရွာ(၂၃)ရွာနှင့် တောထိုင်ဓလေ့ကင်းစင်သော ကျေးရွာများအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပြီး ကျေးရွာ(၇)ရွာကိုယ်စား ဒေါ်နန်းရွှေဌေးက ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ကျေးရွာ(၇)ရွာဖြစ်တဲ့ ကုံလောကျေးရွာ၊ ဘုရားကျိန်းကျေးရွာ၊ ကံ့ကော်ကျေးရွာ၊ ခြောက်လောင်းကျေးရွာ၊ ညှို့မှူးကျေးရွာ၊ ထီအုံးခြံကျေးရွာနှင့် ပုံဆွေပင်ကျေးရွာတို့မှ အိမ်ခြေ (၅၃၇)၊ လူဦးရေ (၂၂၆၃)ဦးရှိကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


