ကော့သောင်း ၂၆ ဧပြီ
နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် မြန်မာနှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရန်နှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ(၄၀၁) ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွှတ်ငြိမ်းသက်သာခွင့်ဖြင့် ယနေ့ ညနေပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းအကျဉ်းထောင် မှ အကျဉ်းသား/သူ များအား ဒုတိယအသုတ်အဖြစ်လွှတ်ပေးခဲ့ကြောင်း သိရသည်။
လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသား အကျဉ်းသူများအား ကော့သောင်းမြို့နယ်၊ ကော့သောင်းရဲတပ်ဖွဲ့ စခန်းမှူးနှင့် အကျဉ်းထောင်တာဝန်ရှိသူများက ဆုံးမစကားများပြောကြားခဲ့ကြပြီး ထောင်လွှတ်လက်မှတ်နှင့် ခရီးစရိတ်ငွေများ ပေးအပ်ခဲ့ကြသည်။
လွှတ်ငြိမ်းသက်သာခွင့်ရ ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား/သူများအနက် အမျိုးသား(၁၆၄) ဦး အမျိုးသမီး (၁၀)ဦး ဖြစ်ပြီး စုစုပေါင်း (၁၇၄)ဦးဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးရှိအကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသား အကျဉ်းသား အကျဉ်းသူများထဲမှ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ပြစ်ဒဏ်လွှတ်ငြိမ်းသက်သာခွင့်ဖြင့် ဒုတိယအသုတ်လွှတ်ငြိမ်းသက်သာခွင့်ပြုသူ (၆၉၄၈)ဦး အနက် ကော့သောင်းအကျဉ်းထောင်မှ (၁၇၄)ဦးပါဝင်ခြင်းဖြစ်ပြီး ကျန်အကျဉ်းသား အကျဉ်းသူများထဲမှ လွှတ်သင့်လွှတ်ထိုက်သူများကိုလည်း စနစ်တကျစိစစ်လျက် လွှတ်ငြိမ်းသက်သာခွင့် ဆက်လက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)


