ကော့သောင်း ၂၄ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ကျွန်းများတွင် တရုတ်နိုင်ငံမှ ခရီးသွားမှတ်တမ်းနှင့် ဖျော်ဖြေရေး (Docudrama) ရိုက်ကူးရေးအဖွဲ့သည် ဧပြီ ၂၁ ရက်မှ ၂၃ ရက်အထိ ဒေသန္တရသမိုင်းကြောင်း၊ လူနေမှုဓလေ့စရိုက်နှင့် သဘာဝရှုခင်းများကို နောက်ခံထားပြီး ရိုက်ကူးခဲ့ကြသည်။
ထိုသို့ ရိုက်ကူးမှုကို ကော့သောင်းမြို့နယ်အတွင်းရှိ စေတန်ကျွန်း၊ ညောင်ဦးဖီး ကျွန်း၊ ဖီလာကျွန်း၊ မြင်းခွာကျွန်းနှင့် ကြက်မောက်ကျွန်းများတွင် တရုတ်နိုင်ငံမှ Exploring Myanmar Culture & Tourism Oraganization နှင့် ရိုက်ကူးရေးအဖွဲ့များ ပူးပေါင်း၍ သရုပ်ဆောင်(၈)ဦး အပါအဝင် အင်အား ၁၁၈ ဦးဖြင့် Variety Show Program ကို လှည့်လည်ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
အဆိုပါအဖွဲ့အနေဖြင့် ဧပြီ ၁ ရက်မှ ၃ ရက်အထိ သရုပ်ဆောင်(၄)ဦးဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပုဂံဒေသရှိ ရွှေစည်းခုံနှင့် အာနန္ဒာဘုရား၊ သရပါဂိတ်နှင့် မဏိစည်သူဈေးတို့တွင် လည်းကောင်း၊
ဧပြီ ၅ ရက်မှ ၇ ရက်အထိ သရုပ်ဆောင်(၄)ဦးဖြင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ အင်လေး ဒေသရှိ Novotel Hotel တွင် တည်းခိုနေထိုင်မှုများ၊ ညောင်ရွှေမြို့ ဘောလုံးကွင်းတွင် ကျင်းပသည့် Inle Dreaming Music Festival ၌် သီဆိုဖျော်ဖြေမှုများ၊ ညောင်ရွှေမြို့ဈေးတွင် ကြက်ကြော်ရောင်းချမှုတို့ကိုလည်းကောင်း၊
ဧပြီ ၁၅ ရက်မှ ၂၀ ရက်အထိ သရုပ်ဆောင်(၄)ဦးဖြင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားတွင် ဘုရားဖူး မြော်ကြည်ညိုမှုများ၊ လမ်းလျှောက်သင်္ကြန်များတွင် ရေကစားနေမှုများ၊ မဟာ ဗန္ဓုလပန်းခြံဝန်းကျင်နှင့် ကန်းတော်ကြီးပန်းခြံမှ မြင်ကွင်းများ၊ လှုပ်ရှားသွားလာနေမှုများ၊ SAPEL Spa တွင် Foot Spa ပြုလုပ်မှု၊ harky စားသောက်ဆိုင်နှင့် Burma Bistro စားသောက် ဆိုင်များတွင် ပြင်ဆင်ရောင်းချမှုနှင့် စားသောက်မှုများကိုလည်းကောင်း လှည့်လည်ရိုက်ကူးခဲ့ကြသည်။
မြန်မာနိုင်ငံ၏ သဘာဝရှုခင်းများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်မှုများ၊ ရိုးရာယှဉ်ကျေးမှုအမွေအနှစ်များ ပျော်ရွှင်မှုနှင့် အေးချမ်းသာယာမှု စသည့် အခြေအနေမှန်များကို နိုင်ငံတကာမှသိရှိပြီး ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ရုပ်ရှင်နှင့်ဗီဒီယိုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံ့ပုံရိပ် မြှင့်တင်နိုင်ရန် စသည့် ရည်ရွယ်ချက်များစွာဖြင့် ပြည်ပမှ ရုပ်ရှင်နှင့် ခရီးသွားမှတ်တမ်း လာရောက်ရိုက်ကူးမှုများ အဆင်ပြေချောမွေ့ စေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနကို ပင်တိုင်ထား၍ ဆက်စပ်ဝန်ကြီးဌာနများ ပေါင်းစပ်ပြီး ရုပ်ရှင်ရိုက်ကူးရေးဝန်ဆောင်ခနှင့် ရိုက်ကွင်းကြေးများကို ယခုနှစ် ဧပြီ ၁ ရက်မှစတင်ပြီး နှုန်းထားလျှော့ချမှု အပါအဝင် တည်းခိုသွားလာမှုများမှစ၍ ညှိနှိုင်းစီစဉ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ပြည်ပမှ ခရီး သွားမှတ်တမ်း ရိုက်ကူးမှုများအပါအဝင် ရုပ်ရှင်ဇာတ်လမ်း ရိုက်ကူးမှုများအထိ တိုးတက်မှု ရှိလာကြောင်း သိရသည်။
မျိုးမြင့်အောင် (FDC)


