ကျောက်ပန်းတောင်း  ၃၀  ဧပြီ


ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ဧပြီ ၂၉ ရက် မွန်းလွဲ ၂ နာရီခွဲက မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် သောက်သုံးရေ လုံလောက်စွာ ရရှိရေး၊ ရွာလယ်လမ်း ဖောက်လုပ်နိုင်ရေး၊ အမှိုက်သိမ်း ယာဉ်တစ်စီး ပံ့ပိုးပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အား(သံတိုင်)များအစား ကွန်ကရစ်ဓာတ်အားတိုင်များ လဲလှယ်စိုက်ထူ ပေးနိုင်ရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များကို ဒေသခံပြည်သူများက ဆွေးနွေးခဲ့ကြသည်။


ဆွေးနွေးပွဲသို့ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုနှင့် ဌာနဆိုင်ရာများက ဒေသခံများ၏ ဆွေးနွေးမေးမြန်းချက်များနှင့် ပတ်သက်၍ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


အဆိုပါ ကျေးလက်ဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းသို့ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကို၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာနေ ပြည်သူများ စုစုပေါင်း ၇၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို ကျေးလက်နေပြည်သူများ၏ ဒေသလိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။


နေအောင်(ပြန်/ဆက်)