ကန်ကြီးထောင့် ၈ မတ်
ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်မှအမှာစကားပြောကြားပြီး အသေးစား စက်မှု လက်မှုဦးစီးဌာန လက်ထောက်အင်ဂျင်နီယာ ဒေါ်ခိုင်ခိုင်ဝင်း (သင်တန်းနည်းပြဆရာမ) မှ သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များနှင့် ပက်သက်၍ ရှင်းလင်းပြောကြားကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်က သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ် မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ယခုဖွင့်လှစ်သောသင်တန်းအပါအဝင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သင်တန်းပေါင်း ၇ ခုကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်မှ ပြောသည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းသို့ မြို့နယ်အတွင်း ကျေးရွာ ၇ ရွာမှ သင်တန်းသူ ၂၀ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ တစ်လတာ ဖြစ်ကြောင်း သိရသည်။
နန်းထိုက် (KGD)


