မင်းဘူး ဇူလိုင် ၁၁

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေး စီမံကိန်းအစီအစဉ်ဖြင့် တစ်နိုင်ငံလုံးအဆင့် ကျေးရွာပေါင်း ၁၅၅ ရွာ စိစစ်ရွေးချယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက သိရသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း၌ အသေးစားကုန်ထုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေးစီမံကိန်း အစီအစဉ်ဖြင့် လုပ်ငန်း (၉)ခုပါဝင်ပြီး မင်းဘူးခရိုင်အတွင်း၌ စီမံကိန်းလုပ်ငန်း (၃)ခုပါဝင်ကြောင်း၊ အဆိုပါစီမံကိန်း (၃)ခုအနက် မင်းဘူး(စကု)မြို့နယ် တောင်မန်းစံပြကျေးရွာ၌ ခေတ်မီစံပြကျေးရွာနေ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေးစီမံကိန်း၊ ထိန်တောကျေးရွာ၌ အမျိုးသမီးများ ဝင်ငွေတိုးပွားရေးစီမံကိန်းနှင့် ပွင့်ဖြူမြို့နယ်တွင် ခေတ်မီစံပြကျေးရွာ ဖော်ဆောင်၍ မိသားစုဝင်ငွေ တိုးပွားရေးစီမံကိန်းဟူ၍ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စိုးစိုးစံက ပြောသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူး(စကု)မြို့နယ် တောင်မန်းစံပြကျေးရွာ၌ ခေတ်မီ စံပြကျေးရွာ ဖော်ဆောင်၍ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေးစီမံကိန်း အစီအစဉ်ဖြင့် အခြေခံစက်ချုပ်သင်တန်းကို ဇွန် ၃၀ ရက်မှ ဇူလိုင် ၂၇ ရက်အထိ ဒေသခံသင်တန်းသူ ၁၅ ဦးဖြင့် တစ်လကြာ အခမဲ့ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ အခြေခံတစ်လ တက်ရောက်ပြီးစီးပါက သင်တန်းသူများထဲမှ လုပ်ငန်းထူထောင်မည့်သူ (၅)ဦးအား စိစစ်ရွေးချယ်ပြီး မွန်းမံသင်တန်း ၁၅ ရက် ထပ်မံတက်ရောက်ရမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းတွင် ကျေးရွာအတွင်းမှ ကော်မတီဝင် (၆)ဦး ဖြင့်ဖွဲ့စည်းပြီး အနီးကပ်ကြီးကြပ်၍ စီမံကိန်းတစ်ခုတွင် လုပ်ငန်းရှင်(၅)ဦး ပေါ်ထွက်အောင် ဆောင်ရွက်ရမည်ဖြစ်ကာ မကွေးတိုင်းဒေသကြီးအတွင်၌ ယခုနှစ်တွင် အသေးစားလုပ်ငန်းရှင်ပေါင်း (၄၅)ဦး ပေါ်ထွက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

 

အဆိုပါစီမံကိန်းမှ ရွေးချယ်ထားသည့် သင်တန်းသူ (၅)ဦးအား ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် ညီမျှသော ထောက်ပံ့ရေးစက်ပစ္စည်းများကို ဝယ်ယူ၍ ငွေကျပ်သိန်း(၅၀)ဖိုး အခမဲ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး အသေးစားလုပ်ငန်းရှင်များဖြစ်အောင် လုပ်ငန်းမှတ်ပုံတင်များ ပြုလုပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)