ကျိုက်မရော ၂၇ ဧပြီ
ကျေးလက်ဒေသများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင်မြန်စေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ငပြေမကျေးရွာအုပ်စု၊ ကြခတ်ကုန်းကျေးရွာ ကိုယ်ထူကိုယ်ထ ကွန်ကရစ် လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်၉နာရီက အဆိုပါလမ်းသစ်ရှိ မုခ်ဦးမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်တင်အိက လမ်းသစ်ဖွင့်ပွဲအတွက် ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကြခတ်ကုန်းကျေးရွာ လမ်းဖြစ်မြောက်ရေး ကော်မတီဥက္ကဌက လမ်းသစ်ဖွင့်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် လမ်းသစ်အား မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ နှင့် မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဒေါ်တင်တင်အိ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးတို့က ကျေးရွာကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ယနေ့ ဖွင့်လှစ်သော ကြခတ်ကုန်းကျေးရွာ ကိုယ်ထူကိုယ်ထလမ်းသစ်သည် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဘိလပ်မြေအိတ်(၇၇၀ဝ)နှင့် ကျေးရွာပြည်သူလူထုစုပေါင်းထည့်ဝင်ငွေတို့ဖြင့် ဆောက်လုပ်ခဲ့သော ကွန်ကရစ်လမ်းသစ် ဖြစ်ပြီး စုစုပေါင်းပေ(၁၂၀ဝ၀)ရှည်ကြောင်း သိရသည်။
လမ်းဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား ၅၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)


