ဆာလင်းကြီး ၂၃ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ရွာသာကျေးရွာ၌ "သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပဖို့လူတိုင်း ကိုယ်စီတာဝန်ယူကြစို့" ဆောင်ပုဒ်နှင့်အညီ ကျေးရွာ အမှိုက်စွန့်ပစ် သိမ်းဆည်းရေး အဖွဲ့များ၊ အေးသုခ လူငယ်ပရဟိတ ဖွံ့ဖြိုးရေးအသင်းမှ အသင်းဝင်များနှင့် ကျေးရွာပြည်သူများ စုပေါင်း၍ Plastic Campaign လှုပ်ရှားမှုအဖြစ် စုပေါင်းအမှိုက်ကောက် ရှင်းလင်းခြင်း လုပ်ငန်းကို ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
“အမှိုက်ဆိုတာ လူ့ပတ်ဝန်းကျင်မှာ အလွန်အရုပ်ဆိုး အကျည်းတန်ပါတယ်။ ကျွန်တော်တို့ ကျေးရွာဆိုရင် မြောက်ယမားချောင်းကို အမှီပြုပြီး စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြတယ်။ ကျေးရွာအတွင်းက စွန့်ပစ်လိုက်တဲ့ အမှိုက်တွေက ပိတ်ဆို့နေပြီး ရေစီးရေလာ မကောင်းတော့ဘဲ ပလပ်စတစ် အမှိုက်များဟာ ချောင်းတလျှောက် ပြန့်ကျဲနေတယ်။ ပလပ်စတစ် အမှိုက်က ဆွေးမြေ့ပစ္စည်း မဟုတ်လို့ ယမားချောင်းထဲမှာရှိတဲ့ ရေသတ္တဝါများ သေဆုံးကြရတယ်။ ဒါကြောင့် ကျွန်တော်တို့ ကျေးရွာနေပြည်သူများ စုပေါင်း၍ ယမားချောင်းတလျှောက် ကျေးရွာအဝင်လမ်းမကြီးနှင့် ရွာအတွင်းလမ်းများမှာရှိတဲ့ အမှိုက်တွေကို ကောက်ယူသိမ်းဆည်းပြီး ကျေးရွာကိုယ်ထူကိုယ်ထ မီးရှို့စက်၌ စွန်ပစ်အမှိုက်များကို ခွဲခြားပြီး မီးရှို့ဆောင်ရွက်မှာပါ” ဟု ကျေးရွာလူငယ်ခေါင်းဆောင် ကိုအောင်ကိုလတ်က ပြောသည်။
အဆိုပါ ကျေးရွာအတွင်း သန့်ရှင်းသာယာလှပဖို့ အမှိုက်များ စုပေါင်းသိမ်းဆည်းခြင်း လုပ်ငန်းများကို အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့များ၌ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်လင်း(ဆားလင်းကြီး)


