ချောင်းဆုံ ၆ မေ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့ရှိ အိုမင်းဟောင်းနွမ်းနေသည့် မြို့မအမှတ်(၁)ဈေးအား မြို့အင်္ဂါရပ်နှင့်အညီ အဆောက်အဦသစ် ပြန်လည်ဆောက်လုပ်ခြင်းအား မြို့နယ်စည်ပင်သာယာရေး ဘတ်ဂျက်ဖြင့် တင်ဒါအောင် ဇဗ္ဗူအောင်ကုမ္ပဏီမှ ၂၀၁၉ ခုနှစ် မေလအတွင်း ဈေးဆိုင်ခန်း အဆောက်အဦအသစ် ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဈေးအဆောက်ဦကို အရင်က ကွန်ကရစ်ခင်း၊ သစ်တိုင်၊ သွပ်မိုးဖြစ်ပြီး နှစ်ပေါင်း(၆၀)ကျော် အသုံးပြုခဲ့ပြီးဆိုတော့ အခုဆိုရင် မိုးဒဏ်လေဒဏ် ခံနိုင်ရည်အားမရှိရင် မိုးတွင်းကာလတွေမှာ ဈေးရောင်းချသူနှင့် ဈေးဝယ်အသုံးပြုသူတွေအတွက်က မထင်မှတ်တဲ့ ဘေးအန္တရာယ်တွေ ကျရောက်လာနိုင်ပါတယ်။ အဲဒါကြောင့် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က တင်ဒါခေါ်ယူပြီး အသစ်ပြန်လည် တည်ဆောက်ဖို့ လုပ်နေတာဖြစ်တယ်” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးအုန်းသန့်ထံမှ သိရသည်။ 

ချောင်းဆုံအနောက် မြို့မဈေးတွင် ဆိုင်ခန်းပေါင်း (၄၉)ခန်းရှိကာ ဆိုင်ခန်းရှင်များအား ခေတ္တနေရာရွေ့ထားပြီး မေ ၆ ရက်က အဆိုပါ အဆောက်အဦအား အသစ်ပြန်လည်တည်ဆောက်ရန် အရင်မူလ ဈေးအဆောက်အဦအား ဖြိုချနေပြီးဖြစ်ကြောင်း မြို့နယ်စည်ပင်အင်ဂျင်နီယာ ဦးဝင်းကိုဦးက ပြောသည်။

အဆိုပါဈေးဆိုင်ခန်းများကို မြို့နယ်စည်ပင်သာယာရေး ဘတ်ဂျက်ဖြင့် တင်ဒါအောင်သည့် ဇဗ္ဗူအောင်ကုမ္ပဏီမှ ဘတ်ဂျက်ငွေ ကျပ်သိန်း ၅၈၂ သိန်းဖြင့် တာဝန်ယူတည်ဆောက်မည်ဖြစ်ကာ အကျယ် ၁၂၀ ပေ၊ အမြင့် ၃၅ ပေဖြင့် သံထည်ဟောတိုက် တစ်ထပ်ခန်းဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)