ပုလဲ  ၂၁  မတ် 


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ဦးနှောက်ကျေးရွာအုပ်စု၊ ချောင်းနားကျေးရွာ၊အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်က အလှူရှင်ဦးဇော်ဝင်း+ဒေါ်ဌေးမြင့် မိသားစုက ငွေကျပ်သိန်း (၂၀ဝ) ကျော် အကုန်အကျခံ၍ ဆောက်လုပ်လှူဒါန်းသည့် အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ  အုပ်ညှပ်တစ်ထပ် အမျိုးအစား  “ရတနာရောင်ခြည်” တစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ 


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထက်၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိန်မောင်ညွှန့်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာနေ အလှူရှင် ဦးဇော်ဝင်း + ဒေါ်ဌေးမြင့် မိသားစုတို့က ရတနာရောင်ခြည် တစ်ထပ် ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။


ဆက်လက်၍ ရတနာရောင်ခြည် တစ်ထပ် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့   စည်ပင်သာယာရေးဝန်ကြီး  ဦးမြင့်ကြည်က အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိန်မောင်ညွှန့်က တိုင်းဒေသကြီးအတွင်း  ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ ချောင်းနားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းက  ကျောင်းနှင့်ပတ်သတ်သည့် အချက်အလက်များနှင့် လိုအပ်ချက်များကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ကျောင်းဆောင်သစ် အလှူရှင် ဦးဇော်ဝင်း + ဒေါ်ဌေးမြင့်  မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထက်က ကျောင်းရုံးခန်း  အဆောက်အဦ အလှူရှင် ကျေးရွာနေပြည်သူများကိုယ်စား ကျေးရွာတာဝန်ခံ ဦးတင်ထွန်းအား ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊မြို့နယ်ပညာရေးမှူး ဦးဝင်းရွှေက ကျောင်းဝန်မုခ်ဦး အလှူရှင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာနေ  ဦးကျော်သီဟ + ဒေါ်မြစိန် မိသားစုကိုယ်စား ရပ်မိရပ်ဖ  ဦးရွှေအား ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ  ဥက္ကဋ္ဌ  ဦးထွန်းထွန်းနိုင်က ပုလဲမြို့နယ်၊ပိတောက်ကုန်း(တောင်) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့အတွက် ဂုဏ်ပြုလက်ဆောင်များကို လည်းကောင်း ပေးအပ်ခဲ့သည်။


ထို့နောက် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာနေ အလှူရှင် ဦးဇော်ဝင်း + ဒေါ်ဌေးမြင့် မိသားစု ကိုယ်စား ဒေါ်ဌေးမြင့်က တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ချောင်းနားကျေးရွာ တာဝန်ခံ ဦးတင်ထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN