ချောင်းဦး ၄ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ကိုးတောင်ကန်ကျေးရွာတွင် သောက်သုံးရေ ပြတ်လပ်နေသဖြင့် ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀) လီတာဆန့် သောက်ရေသန့် (၁၃၀) ဗူးအား မေ ၄ ရက် နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
"အခုနွေရာသီမှာ သောက်သုံးရေပြတ်လပ်တဲ့ ဘယ်ကျေးရွာမဆို ကျွန်မတို့ဌာနကို အကြောင်းကြားပေးပါ၊ အရောက်လာပြီးတော့ အကူအညီပေးသွားမှာပါ အခုကျေးရွာမှာလဲ အဝီစိတွင်းတွေရှိပေမယ့် ရေထွက်အား နည်းနေတဲ့အတွက် ပညာရှင်တွေခေါ်ပြီး စစ်ဆေးပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးသွားမှာပါ" ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းကပြောသည်။
ကိုးတောင်ကန်ကျေးရွာသည် ချောင်းဦး-မြင်းမူ လမ်းမကြီးနှင့် (၃) မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ (၁၁၇) အိမ်၊ အိမ်ထောင်စု (၁၄၅) စု၊ လူဦးရေ (၅၄၆) ဦးရှိကာ ကျေးရွာတွင် လက်ရှိအသုံးပြုလျက်ရှိသော မြေသားကန်မှာ ယခုနှစ်တွင် ရေခန်းသွားသဖြင့် သောက်သုံးရေ ပြတ်လပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ရွာအတွင်းမှာလဲ ရေတွင်းတွေရှိပေမဲ့ အခုနှစ် အပူရှိန်ပြင်းတော့ ရေထွက်အား နည်းလာတယ်။ နောက်ပြီး ကျေးရွာမှ လက်ရှိအသုံးနေတဲ့ မြေသားကန်ကလဲ ရေခန်းသွားတဲ့အတွက် အခက်အခဲဖြစ်တာပါ။ လိုနေတဲ့ သောက်သုံးရေကို အခုလို လာရောက်လှူဒါန်းပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ရေထွက်အားနည်းတဲ့ အဝီစိတွင်းတွေကိုလည်း ပညာရှင်တွေနဲ့ ကြည့်ရှုပြီး ရေထွက်အားကောင်းအောင် စီစဉ်ပေးမယ်လို့ သိရတဲ့အတွက်လဲ စိတ်ချမ်းသာပါတယ်" ဟု ကိုးတောင်ကန်ကျေးရွာမှ ရပ်မိရပ်ဖ ဦးဝိုင်းအုံက ပြောသည်။
သောက်သုံးရေ လှူဒါန်းရာသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ မုံရွာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


