လူသားတို့အား ရောဂါရှာဖွေဆန်းစစ်ရာတွင် ထုံးတမ်းစဉ်လာနည်းများဖြစ်သော သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းတို့အပြင် ချွေးကိုလည်း စစ်ဆေးပြီး သိရှိနိုင်ကြောင်း ဆစ်ဒနီနည်းပညာတက္ကသိုလ်မှ လေ့လာမှုအသစ်တစ်ခုက ဖော်ထုတ်တွေ့ရှိခဲ့သည်။
ဆေးပညာ လေ့လာဆန်းစစ်မှုဂျာနယ်တွင် ဖော်ပြခြင်းခံရသော အဆိုပါစာတမ်း၌ ချွေးကို ဟော်မုန်းအပြောင်းအလဲ၊ ဆေးဝါးသုံးစွဲမှု အတိုင်းအတာတို့ကို အချိန်နှင့်တစ်ပြေးညီ လေ့လာစောင့်ကြည့် နိုင်သည့်အပြင် ဆီးချို၊ ကင်ဆာ၊ ပါကင်ဆန်နှင့် အယ်လ်ဇိုင်းမားရောဂါတို့၏ ကနဦးလက္ခဏာရပ်များကို ရှာဖွေရာ၌ အထောက်အကူဖြစ်စေနိုင်ကြောင်း ရေးသားထားသည်။
စာတမ်းပူးတွဲရေးသားသူတစ်ယောက်ဖြစ်သော ဆစ်ဒနီနည်းပညာတက္ကသိုလ်မှ ဒေါက်တာ ဒေယန်နာ ဘော်ဒင်က “ချွေးကို စုဆောင်းတာက မနာကျင်ဘူး။ ရိုးရှင်းတယ်။ ဖောက်စရာလည်း မလိုပါဘူး။ သွေး ဒါမှမဟုတ် ဆီးကို အစားထိုးနိုင်မယ့် စိတ်ဝင်စားစရာနည်းလမ်းတစ်ခုပါ။ ပြီးတော့ အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်ဖို့အတွက် အထူးအရေးပါပါတယ်”ဟု ဆိုသည်။
ချွေးကို အသုံးပြုပြီး ရောဂါလက္ခဏာတို့ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ရန်အတွက် အာရုံခံကိရိယာများနှင့် အေအိုင်နည်းပညာတို့ကို အသုံးပြုကြရန်လည်း တိုက်တွန်းထားသည်။ ယနေ့ခေတ် စမတ်နာရီများတွင် နှလုံးခုန်နှုန်း၊ လမ်းလျှောက်နှုန်း အစရှိသည့် ကျန်းမာရေးနှင့်ဆိုင်သော အချက်အလက်များကို ကြည့်ရှုနိုင်ရာ ချွေးကို အာရုံခံနိုင်သော အာရုံခံကိရိယာတစ်မျိုး ထည့်သွင်းလိုက်လျှင် ရောဂါရှာဖွေဆန်းစစ်မှုနှင့် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်မှုတို့အတွက် များစွာအကျိုးပြုနိုင်မည် ဖြစ်သည်။
Ref: scitechdaily.com


