မန္တလေး ၁ မေ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်း/တောင်ရပ်ကွက်၊ အကွက်အမှတ်(၈၅၃)မှ မီးဘေးသင့်အိမ်ထောင်စု (၅၃)စုအတွက် အလှူငွေထောက်ပံ့ပေးအပ်ပွဲကို အဆိုပါ ရပ်ကွက်ရှိ စီပါဓမ္မာရုံတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

အလှူငွေထောက်ပံ့ပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်၊ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးနှင့် ချမ်းမြသာစည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်တို့မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၆ သိန်း ၅ သောင်း ပေးအပ်လှူဒါန်းရာ မီးဘေးသင့်အိမ်ထောင်စုများက လက်ခံရယူသည်။

အလားတူ မီးဘေးသင့်အိမ်ထောင်စုများအတွက် လူမှုရေးအဖွဲ့အစည်းများနှင့် အများပြည်သူ အလှူရှင်များကလည်း ဧပြီ ၂၇ ရက်မှစတင်၍ ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ အဝတ်အထည်၊ ရေသန့်၊ အချိုရည် လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်း/တောင်ရပ်ကွက်တွင် ဧပြီ ၂၇ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၃၂)လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စု (၅၃)စု၊ မီးဘေးသင့် ပြည်သူ(၂၃၉)ဦးရှိကြောင်း သိရပြီး မီးဘေးသင့်အိမ်ထောင်စုများအား အဆိုပါရပ်ကွက်ရှိ စီပါဓမ္မာရုံတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)