၁၁ ဖေဖော်ဝါရီ
၂၀၁၉ ရာသီ အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲ ဒုတိယအဆင့်အဖြစ် ချင်းရိုင်ယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းသည် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ထိုင်းနိုင်ငံ ချင်းရိုင်မြို့ရှိ ဆင်ဂါကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲ အကြိုခြေစစ်ပွဲဒုတိယအဆင့်ပွဲများကို ဖေဖော်ဝါရီ ၁၂ ရက် တစ်ရက်တည်းကျင်းပမည်ဖြစ်ပြီး အနောက်အာရှဇုန်တွင်လေးပွဲ၊ အရှေ့အာရှဇုန်တွင် လေးပွဲ ပါဝင်မည်ဖြစ်သည်။ ရန်ကုန်အသင်းသည် အဝေးကွင်း၌ ရလဒ်ကောင်းရရန် ရုန်းကန်ရမည်ဖြစ်ပြီး ထိုင်းလိဂ်-၁ ကလပ် ချင်းရိုင်ယူနိုက်တက်အသင်းနှင့် တွေ့ဆုံနေသောကြောင့် ခက်ခက်ခဲခဲကစားရဖွယ်ရှိနေသည်။
ရန်ကုန်အသင်းသည် ပထမအဆင့်တွင် ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး တက်ရောက်လာခြင်းဖြစ်သည်။ ချင်းရိုင်ယူနိုက်တက်အသင်းမှာမူ ဒုတိယအဆင့်မှ စတင်ကစားရခြင်းဖြစ်သည်။ ရန်ကုန်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက''ချင်းရိုင်ယူနိုက်တက်အသင်းက အသင်းကောင်းဖြစ်သလို အဝေးကွင်းဖြစ်တာကြောင့် ပိုပြီးရုန်းကန်ရနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ချင်းရိုင်ယူနိုက်တက် အသင်းပွဲအတွက် ဆီရက်စ်နဲ့ပွဲပြီးကတည်းက ပြင်ဆင်ခဲ့ပါတယ်။ဆီရက်စ်နဲ့ပွဲမှာရခဲ့တဲ့ ပုံစံကောင်းကို ဆက်ထိန်းပြီး ဒီပွဲမှာလည်း ပြသနိုင်အောင် ကြိုးစားမှာပါ။ ရလဒ်ကောင်းရအောင် ကြိုးစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။
ရန်ကုန်အသင်းသည် အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲတွင် ပထမဆုံးနိုင်ပွဲရသည့်ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ထားပြီး Play-off အဆင့်သို့ ပထမဆုံးတက်ရောက်နိုင်ရန် ယနေ့ အဖြေထွက်ပေါ်မည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်


