ခင်ဦး ၂၆ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ နေထိုင်ရန်အတွက် (၄)ခန်းတွဲ (၄) ထပ် အဆောက်အဦနှင့် တိုးချဲ့လူနာဆောင် (၂) ထပ် အဆောက်အဦ ဆောက်လုပ်ရန်အတွက် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးသိန်းဇော်၊ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာစန်းယုကို၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးတင်အောင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖ ဒုတိယဥက္ကဌ ဦးမိုးဝင်းနှင့် ဆေးရုံဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဆေးရုံအရှေ့ဘက်တွင် အလျား ၆၈ ပေခွဲ၊ အနံ ၅၃ ပေရှိ (၄) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦကို လင်းခန့်ကြွယ် ကုမ္ပဏီက ငွေကျပ် (၃၃၉ ဒသမ ၃) သန်းဖြင့် လည်းကောင်း၊ အလျား ၁၄၃ ပေ၊ အနံ ၅၆ ပေ ရှိ ခွဲစိတ်ခန်းနှင့် မွေးခန်းပါ (၂ )ထပ် တိုးချဲ့လူနာဆောင်ကို ကြယ်နတ်သမီးကုမ္ပဏီက ငွေကျပ် (၄၃၉ ဒသမ ၆) သန်းဖြင့် လည်းကောင်း ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


