ဒေါက်တာဝင်းအောင်(သုတေသီ)၊ မြန်မာအသည်းဖောင်ဒေးရှင်း

 

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း ကွင်းဆင်းသုတေ သနပြုချက်အရ မြန်မာနိုင်ငံလူဦးရေ၏ ၆ ဒသမ ၅ ရာခိုင်နှုန်း (၃ ဒသမ ၃ သန်းခန့်) တွင် အသည်းရောင် အသားဝါဘီပိုး ကူးစက်ခံထားရကြောင်း သိရှိရပါသည်။ နာတာရှည် အသည်းရောင်၊ အသည်းခြောက်နှင့် အသည်းကင်ဆာရောဂါများကို ဖြစ်စေသည့် အသည်းရောင် အသားဝါဘီရောဂါကိုကာကွယ်ရန် အကောင်းဆုံးနည်းမှာ ဘီပိုးကာကွယ်ဆေး ထိုးနှံမှုခံယူထားခြင်း ဖြစ်ပါသည်။ သို့သော် ကိုဗစ် - ၁၉ ကူးစက်ရောဂါဖြစ်ပွားနေချိန် ယခုကာလတွင် ရောဂါကူးစက်မှု လျော့ပါးစေရေးအတွက် ပြည်သူလူထုအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရခြင်း၊ အသွားအလာကန့်သတ်မှုရှိခြင်းနှင့် လူစု လူဝေးရှောင်ရှား ရခြင်းတို့ကို လိုက်နာဆောင်ရွက်လျက် ရှိနေကြရခြင်းတို့ကြောင့် ဘီပိုးကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်များ အတိုင်း တိတိကျကျဆောင်ရွက်နိုင်ရန် အခက်အခဲအနည်းငယ်ရှိနေနိုင်ပါသည်။

 

ထို့ကြောင့် လက်ရှိကာလတွင် ဘီပိုးကာကွယ်ဆေးထိုးနှံမှု ခံယူထားဆဲ ခံယူလက်စရှိနေသူများနှင့် ဘီပိုး ကာကွယ်ဆေးကို မဖြစ်မနေထိုးရန် လိုအပ်သည့်သူများဖြစ်သော ဘီပိုးကူးစက်နိုင်ခြေ (Risk)များသည့် ကျန်းမာရေး ဝန်ထမ်းများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများ၊ မိသားစု / ကြင်ဖက်တို့တွင် ဘီပိုးကူးစက်ခံထားရသူများ၊ ပုံမှန်မကြာခဏ ကျောက်ကပ်ဆေး/ သွေးသွင်းမှုခံယူနေရသူများ၊ အသည်းရောင်ရောဂါ စီပိုးခုခံအားကျရောဂါရှိသူများနှင့် မွေးကင်းစ ကလေးငယ်များသည် ကိုဗစ်- ၁၉ ကူးစက်ရောဂါဖြစ်ပွားနေချိန် ယခုကာလတွင် ဘီပိုးကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များနှင့် ဆေးအောင်/ မအောင် စစ်ဆေးခြင်းကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည် -

 

ဘီပိုးကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်

ထိုးနည်းအမျိုးမျိုး

ဘီပိုးကာကွယ်ဆေးကို ပုံမှန်အားဖြင့် တစ်လခြား စုစုပေါင်း သုံးကြိမ် (၀-၁-၂) လများတွင် (နှစ်လ အတွင်း သုံးကြိမ်) ထိုးနှံမှုခံယူရပါသည်။ လက်ရှိအခြေအနေကြောင့် အထက်ပါကဲ့သို့ ထိုးနှံခြင်းမပြုနိုင်ပါက (လက်ရှိ ထိုးနေလက်စ သူများသည်) (၀-၁-၆)လများ သို့မဟုတ် (၀-၂-၆) လများတွင် (ခြောက်လအတွင်း သုံးကြိမ်) ထိုးနည်းများဖြင့် လည်းကောင်း၊ (၀ -၂ - ၄) လများတွင် (လေးလအတွင်း သုံးကြိမ်) ထိုးနည်းဖြင့် လည်းကောင်း ထိုးနှံမှုခံယူနိုင်ပါ သည်။ ထို့အပြင် (၀-၂- ၁၂) လများတွင် (တစ်နှစ်အတွင်း သုံးကြိမ်) ထိုးနည်းဖြင့်လည်း ထိုးနှံမှုခံယူ နိုင်ပါသည်။ အချိန်တိုအတွင်း ဘီပိုးကာကွယ်ဆေး အမြန်ထိုး လိုသူများအတွက်မူ (၀-၇-၂၁) ရက်များတွင် (တစ်လ အတွင်း သုံးကြိမ်) ထိုးနည်းဖြင့်လည်း ထိုးနှံမှုခံယူနိုင်ပါသည်။ ထိုနည်းတူပင် ဘီပိုးကာကွယ်ဆေး သုံးကြိမ် ထိုးနှံမှု ခံယူခဲ့ပြီး၍ ကိုဗစ် - ၁၉ ရောဂါ ကာလ ယခုအချိန်တွင် ငါး နှစ်ပြည့် အားဖြည့်ကာကွယ်ဆေး (Booster Dose) ထိုးနှံရန် လိုအပ်သူများသည်လည်း သတ်မှတ်ရက်ထက် ခြောက်လမှ ၁၂ လကြာအထိ နောက်ကျ၍ တစ်ချိန်ချိန်တွင် ထိုးနှံမှု ခံယူနိုင်ပါသည်။ အထက်ပါကဲ့သို့ ထိုးနှံခြင်းအားဖြင့်လည်း ဘီပိုးခုခံအား ပဋိပစ္စည်းထွက်ရှိမှုမှာ ပုံမှန်အတိုင်းပင် ရှိပါသည်။

 

ဘီပိုးကာကွယ်ဆေး ထိုးနှံမှုခံယူပြီး ဆေးအောင်/မအောင် စစ်ဆေးခြင်း

ဘီပိုးကာကွယ်ဆေး ထိုးနှံမှုခံယူပြီး ဆေးအောင်/မအောင် သိရှိရန်အတွက် ပုံမှန်အားဖြင့် နောက်ဆုံးအကြိမ် ထိုးနှံမှု ခံယူပြီး ခြောက်ပတ်မှ ရှစ်ပတ် (နှစ်လအကြာ)တွင် ( ဘီပိုးပဋိပစ္စည်း (Anti-HBs Antibody)ကို စစ်ဆေးရပါသည်။ | WHO၏ သတ်မှတ်ချက်အရ ပဋိပစ္စည်း 10 mIU/ml ထွက်ရှိလျှင် ဆေးအောင်သည်ဟု သတ်မှတ်ပါသည်။ ဘီပိုးကူးစက် နိုင်ခြေများသူများတွင်မူ အထက်ပါပမာဏထက်များလျှင် ပိုကောင်းပါသည်။ ဆေးအောင်/ မအောင်ကို အထက်ပါ သတ်မှတ်နေ့ရက်တွင် စစ်ဆေးခြင်းမပြုနိုင်ပါက နောက်ဆုံး အကြိမ် ဆေးထိုးပြီး ခြောက်လအတွင်း ထိတိုင် စစ်ဆေးမှုခံယူနိုင်ပါသည်။ ဘီပိုးကာကွယ်ဆေးသုံးလုံးကို သတ်မှတ်ချိန်များတွင် မှန်ကန်စွာ ထိုးနှံမှုခံယူခဲ့ ပါက ၉၅ ရာခိုင်နှုန်း ခန့်သောသူများတွင် ဆေးအောင်ပါသည်။ ထို့ကြောင့် ယေဘုယျအားဖြင့် ဘီပိုးကာကွယ်ဆေး သုံးကြိမ် ထိုးနှံမှုခံယူ ပြီးပါက ဆေးအောင်/ မအောင် Anti-HBs စစ်ဆေးခံယူရန် မလိုအပ်ပါ။ ဆေးအောင်သည့် ပမာဏလည်း သိရှိရန် မလိုအပ်ပါ။

 

ထိုနည်းတူပင် ဘီပိုးကာကွယ်ဆေး သုံးကြိမ် ထိုးနှံမှုခံယူခဲ့ပြီး ငါးနှစ်ပြည့်၍ ထပ်မံအားဖြည့်ဆေး ထိုးရက်ပြည့်သော သူများသည်လည်း ထိုးနှံမှုမခံယူနိုင်ပါက စိုးရိမ်ဖွယ်မရှိပါ။ သုတေသနတွေ့ရှိချက်များအရ ဘီပိုးကာကွယ် ဆေးသုံးကြိမ်ပြည့် ထိုးနှံမှုခံယူထားသူများတွင် ဘီပိုးပဋိပစ္စည်းသည် ၁၅ နှစ်မှ နှစ် ၂၀ အထိ ဆက်လက်ရှိနေ ကြောင်း၊ အထက်ဖော်ပြပါကာလများအတွင်း သွေးတွင်းတွင် စမ်းသပ်ကြည့်ရှုစစ်ဆေးပါက ပဋိပစ္စည်း လုံးဝ မတွေ့ရှိနိုင်သော်လည်း ခန္ဓာကိုယ်၏ ရောဂါပြီးမှတ်ဉာဏ် (immune memory) ရှိနေပြီဖြစ်၍ ခန္ဓာကိုယ်တွင်းသို့ ဘီပိုးကူးစက်ဝင်ရောက်လာပါက ပဋိပစ္စည်းများ ချက်ချင်းပေါ်ထွက်လာပြီး ဘီပိုးကို ခုခံကာကွယ် တိုက်ထုတ်သွား နိုင်ကြောင်း တွေ့ရှိထားပါသည်။

 

မွေးကင်းစကလေးငယ်များကို ဘီပိုးကာကွယ်ဆေး ထိုးနှံပေးခြင်း

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းအစီအစဉ် (Routine  Immunization Schedule) အရ ဘီပိုးကာကွယ်ဆေးကို မွေးကင်းစနှင့် ကလေးငယ်များ အသက် (နှစ်၊ လေးနှင့် ခြောက်)လတို့တွင် တခြားသော ကာကွယ်ဆေးများနှင့် အတူ ထိုးနှံမှုခံယူရပါသည်။ လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကြောင့် ဆောင်ရွက်ရန်လျာထားသည့် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် မေလတွင် မထိုးဖြစ်သေးဘဲခေတ္တရွှေ့ဆိုင်းထားပါသည်။ သို့သော် ဆေးရုံများတွင် မွေးကင်းစကလေးငယ်များကို ထိုးနှံပေးလျက်ရှိသော အသည်းရောင်အသားဝါ ဘီကာကွယ်ဆေးများကို တခြားသောမွေးကင်းစထိုး ကာကွယ်ဆေး များနှင့်အတူ ဆက်လက်ထိုးနှံပေးလျက် ရှိပါသည်။ ထို့အပြင် ဆေးရုံတက် ကုသမှုခံယူပြီး ဆေးရုံ | ဆင်းမည့် ကလေးများကိုလည်း အကြိမ်ပြည့်ရန် လိုအပ်သော ကာကွယ်ဆေးများကို ထိုးနှံပေးမည် ဖြစ်ကြောင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ကိုလည်း မိဘပြည်သူများအား ကြိုတင်အသိပေး၍ အမြန်ဆုံး ပြန်လည်စတင် သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်သူလူထုသို့ မေလ ၁ ရက်နေ့တွင် အသိပေးချက် ထုတ်ပြန်ထားပါကြောင်း တင်ပြလိုက်ရပါသည်။

 

မြန်မာပြည်သူပြည်သားများအားလုံး အသည်းရောင် အသားဝါဘီရောဂါပိုးနှင့် ကိုဗစ်-၁၉ ရောဂါပိုးများ ကူးစက်ခံရခြင်းမှ ကင်းဝေးကြပါစေကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမြန်ဆုံးအောင်မြင်စွာ ထုတ်လုပ် နိုင်ရပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။  ။