ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့ခဲ့သည်မှာ ခြောက်လနီးပါး အချိန်ကို ရောက်ရှိခဲ့ပြီဖြစ်သည်။ မေ ၂၅ ရက်အထိ ကမ္ဘာတစ်ဝန်း၌ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၅ သန်းကျော် ရှိလာခဲ့ပြီး သေဆုံးသူ ၃ သိန်းကျော် ရှိလာခဲ့ပြီဖြစ် သည်။ ယင်းတို့အနက် ဗိုင်းရပ်စ်ကူးစက် ခံရသူများ၏ ကျန်းမာရေးစောင့်ရှောက်မှု များကို ဆောင်ရွက်ပေးရင်း ဗိုင်းရပ်စ် ပိုးကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း အရေအတွက် ၉၀၀၀၀ ကျော်ရှိပြီဖြစ်သည်။ ထို့ကြောင့် နည်းပညာဖွံ့ဖြိုးသော နိုင်ငံများ ၌ လူသားကျန်းမာရေးဝန်ထမ်းများနေရာ တွင် စက်ရုပ်များကို အသုံးပြုလာခဲ့သည်။ စက်ရုပ်များအသုံးပြုမှုကြောင့် ကျန်းမာရေး လုပ်သားများ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းများ လျော့ကျလာမည်ဖြစ်သည်။

စက်ရုပ်များအစားထိုးအသုံးပြုလာ

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေး ဖျန်းခြင်း၊ နှာခေါင်းစည်းနှင့် လက်သန့် ဆေးရည်များ၊ အစားအစာနှင့် ဆေးဝါးများ မျှဝေပေးခြင်း၊ ခန္ဓာကိုယ်အပူချိန်တိုင်းတာ ခြင်း၊ ရောဂါလက္ခဏာများ စောင့်ကြည့် ပေးခြင်းစသည့် အလုပ်တာဝန်များကို လူသားများလုပ်ဆောင်ရာတွင် ဗိုင်းရပ်စ် ကူးစက်နိုင်ခြေ ပိုမိုများပြားနိုင်သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများက အဆိုပါ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ နေရာတွင် စက်ရုပ်များကို အစားထိုးအသုံးပြုလျက် ရှိသည်။ ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အာရှနိုင်ငံများ၊ အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံများ၌ စက်ရုပ်များကို တွင်ကျယ်စွာ အသုံးပြု လျက်ရှိသည်ကို တွေ့ရသည်။

ထို့ပြင် အာဖရိကနိုင်ငံများအနက် နည်းပညာဖန်တီးမှုမြင့်မားသည့် ရဝမ်ဒါ နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်ရုပ် များကို စတင်အသုံးပြုလျက်ရှိသည်။

မေ ၂၂ ရက်အထိ ရဝမ်ဒါနိုင်ငံ၌ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၁၄ ဦးရှိပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၂၀၉ ဦးရှိသည်။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ မရှိသေးပေ။ လက်ရှိအချိန်တွင် ရဝမ်ဒါ အစိုးရက ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် အထောက်အကူပြု စေသည့် စက်ရုပ်ငါးရုပ်ကို အသုံးပြုသွားမည် ဖြစ်သည်။

အဆိုပါစက်ရုပ်များကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်က ရဝမ်ဒါနိုင်ငံသို့ လှူဒါန်း ခဲ့ခြင်းဖြစ်သည်။ ယင်းစက်ရုပ်များကို မြို့တော် ကီဂါလီ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူများနှင့် ထိတွေ့ဆက်ဆံနေရသည့် ကျန်းမာရေး စောင့်ရှောက်မှုစင်တာများတွင် အသုံးပြုလျက် ရှိသည်။

ယင်းစက်ရုပ်များသည် ခန္ဓာကိုယ်အပူချိန် တိုင်းပေးခြင်း၊ ဗိုင်းရပ်စ်ကူးစက်ခံလူနာများ ၏ အခြေအနေကို စစ်ဆေးပေးနိုင်ခြင်းနှင့် လူနာများ၏ ကျန်းမာရေးအခြေအနေများကို မှတ်တမ်းတင်ပေးနိုင်ခြင်းတို့ကို လုပ်ဆောင် နိုင်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်းများ ဘေးကင်းလုံခြုံပြီ

အဆိုပါစက်ရုပ်များသည် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးအတွက် အထောက်အကူ များစွာပြုလျက်ရှိသည်။ ၎င်းတို့ကို အသုံး ပြုခြင်းအားဖြင့် ရှေ့တန်းမျက်နှာစာတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် နေရသော ကျန်းမာရေးဝန်ထမ်းများ ရောဂါ ကူးစက်နိုင်ခြေ များစွာလျော့နည်းသွားစေ သည်။ အဆိုပါစက်ရုပ်များသည် ချောင်းဆိုး ခြင်းနှင့် ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်း ကဲ့သို့သော ရောဂါလက္ခဏာများကို တစ်မိနစ် လျှင် ပြည်သူ ၅၀ မှ ၁၅၀ ခန့်ကို စစ်ဆေး ပေးနိုင်သည်။ ထို့ပြင် ဗိုင်းရပ်စ်ကူးစက်ခံ လူနာများခံစားနေရသည့် ရောဂါလက္ခဏာ ဆိုင်ရာ အချက်အလက်များကို မှတ်သားနိုင် သည့်အပြင် ဗိုင်းရပ်စ်ကာကွယ်ရေးစည်းမျဉ်း များ လိုက်နာမှုမရှိသည့် လူနာများကို ခြေရာ ခံကာ ကျန်းမာရေးဝန်ထမ်းများအား အသိပေး အကြောင်းကြားနိုင်သည့် စွမ်းရည်များ ပါဝင်သည်ဟု ရဝမ်ဒါကျန်းမာရေးဝန်ကြီး ဒေါက်တာ ဒါနီရယ် နာမီဂျီ က ဆိုသည်။

“ဒီစက်ရုပ်တွေက ကျွန်တော်တို့ ကျန်းမာ ရေးစင်တာမှာ လူနာတွေကို အပူချိန်တိုင်းတာ ပေးပါတယ်။ ပြီးတော့ နှာခေါင်းစည်း မဝတ် ဆင်ဘဲ သွားလာနေတဲ့ လူနာတွေ တွေ့ရင် ခြေရာခံပြီး ကျန်းမာရေးစင်တာကို ချက်ချင်း သတင်းလှမ်းပေးပါတယ်”ဟု ရဝမ်ဒါကျန်းမာ ရေးဝန်ကြီး ဒေါက်တာဒါနီရယ် နာမီဂျီက ဆိုသည်။

ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက် ခံရသူများနှင့် ထိတွေ့ဆက်ဆံနေရသည့် ကျန်းမာရေးလုပ်သား ၉၀၀၀၀ ကျော်သည် ဗိုင်းရပ်စ်ကူးစက်ခံထားရသည်။ ထို့ကြောင့် ကျန်းမာရေးလုပ်သားများ ဗိုင်းရပ်စ်ကူးစက် ခြင်း မခံရစေရန် ရည်ရွယ်ပြီး ရဝမ်ဒါအစိုးရက အဆိုပါစက်ရုပ်များကို အသုံးပြုခြင်းဖြစ်သည်။

ဆေးဝါးများ၊ အစားအစာများနှင့် အခြား လိုအပ်သည့် ပစ္စည်းများကို ကျန်းမာရေး စောင့်ရှောက်မှုခံယူနေသည့် လူနာများအား မျှဝေရာ၌ ကျန်းမာရေးဝန်ထမ်းများ၏နေရာ တွင် ယင်းစက်ရုပ်များကို အစားထိုးအသုံးပြုနိုင်မည်ဖြစ်သည်။

၎င်းစက်ရုပ်များကို လူနာများနှင့် ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်ရန် အစီအစဉ်ရေးဆွဲပေးနိုင်သည့်အပြင် ဗိုင်းရပ်စ် ကူးစက်နိုင်ခြေမြင့်မားနေသည့် အခြေအနေ သို့ ရောက်ရှိနေပါက ကျန်းမာရေးဝန်ထမ်း များနှင့် လူနာများအား မည်သို့ ဘေးကင်းစွာ နေထိုင်ရမလဲဆိုသည့် အသိပညာပေးခြင်း များကိုလည်း စွမ်းဆောင်ပေးနိုင်သည်။

အဆိုပါစက်ရုပ်များကို ကောင်းမွန်စွာ အသုံးပြုနိုင်ရေးအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်မှ စက်ရုပ်အင်ဂျင်နီယာ များက ရဝမ်ဒါကျန်းမာရေး ဝန်ထမ်းများ အား လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ် သည်။

အားကိုးရသည့် စက်ရုပ်များ

ရဝမ်ဒါနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် စက်ရုပ်များကို ပထမဆုံးစတင်အသုံးပြုသည့် နိုင်ငံတစ်နိုင်ငံ မဟုတ်ပေ။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် စက်ရုပ်များ အသုံးပြု သည့် နိုင်ငံအများအပြား ရှိသည်။ ယင်းတို့ အနက် တူနီးရှားနိုင်ငံတွင် ဧပြီလအတွင်း က ခရီးသွားလာခွင့်များ ကန့်သတ်ထား စဉ်အတွင်း ဒေသခံပြည်သူများ ဗိုင်းရပ်စ် ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း ရှိ၊ မရှိ လိုက်လံစစ်ဆေးရာ တွင် ရဲအရာရှိများက စက်ရုပ်များ အသုံးပြု ခဲ့သည်။ စက်ရုပ်များကို နေရာအနှံ့ဖြန့်ကြက် ထားပြီး စည်းကမ်းချိုးဖောက်သူများအား စက်ရုပ်ပါ ကင်မရာများဖြင့် မှတ်တမ်းတင် ကာ လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

မည်သို့ဆိုစေ စက်ရုပ်များသည် သက်ရှိ လူသားတို့အတွက် များစွာအထောက်အကူ ပြုလျက်ရှိသည်။ ထို့ကြောင့် နည်းပညာ မြင့်မားမှုသည် လူသားတို့၏ အသက် ကိုပင် ကယ်တင်စေနိုင်သည်ကို ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကမ္ဘာတစ်ဝန်းတွင် ကူးစက် ပျံ့နှံ့နေသည့် ယခုအချိန်၌ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ကြောင်း ရေးသားလိုက်ရပါ သည်။

 

အောင်ကျော်ကျော် (ကြေးမုံ)