ကျိုင်းတုံ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျိုင်းတုံမြို့နယ် လွိုင်မွေတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းဒေသရှိ ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ချယ်ရီပန်းပွဲတော်(ပဉ္စမအကြိမ်)ကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ လွိုင်မွေတောင်စခန်း စတုရဋ္ဌသုမင်္ဂလာ စေတီတော်အနီး ချယ်ရီပင်တန်း၌ ကျင်းပသွားမည်ဖြစ်သည်။
ချယ်ရီပန်းပွဲတော်တွင် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ရှမ်း၊ အာခါ၊ လားဟူ၊‘ဝ’၊ လီဆူ၊ လွယ်၊ အားခေတိုင်းရင်သားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း၊ ဒေသထွက်အမှတ်တရ ရိုးရာပစ္စည်းအရောင်းဆိုင်များ၊ ဒေသထွက်ဝိုင်များ၊ အစားအစာများ၊ MSME လုပ်ငန်း ဒေသထွက်ကုန်များကို ပြခန်းများဖြင့် ပြသ၊ ရောင်းချပေးခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


