၃၀ ဇန်နဝါရီ
တရုတ်နိုင်ငံတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၇၀ အထိ ဖြစ်လာချိန်မှာ ရောဂါပိုးကူးစက်ခံရသူ အသစ် ၁၇၀၀ ကျော်ရှိကြောင်း တရုတ်အစိုးရက အတည်ပြုပြောကြားပါတယ်။ ၂၄ နာရီအတွင်း သေဆုံးသူ ၃၈ ဦး ထဲမှ ၂၃ ဦးဟာ ဟူပေပြည်နယ်ကဖြစ်သလို ရောဂါပိုးထပ်မံတွေ့ရှိသူ ၁၀၃၂ ဦးဟာလည်း ဟူပေပြည်နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။
တိဘက်ဒေသမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ တစ်ဦးရှိနေပြီလို့ ကျန်းမာရေးဌာနက အတည်ပြု ပြောကြားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတကာအစိုးရတွေအား ဆားစ်ရောဂါလို ကြောက်စရာကောင်းတဲ့ ဗိုင်းရပ်စ်ပိုးကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ မနေ့က သတိပေးဆော်သြလိုက်ပြီး ကြာသပတေးနေ့မှာ အရေးကြီးအစည်းအဝေးတစ်ရပ် ခေါ်ယူပြီး နိုင်ငံတကာအရေးပေါ်အခြေအနေ ကြေညာဖို့ လို၊ မလို ကို ဆွေးနွေးမယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ခံစားနေရသူများကို နိုင်ငံပေါင်း တစ်ဒါဇင်ကျော်မှာ တွေ့ရှိပြီးဖြစ်ရာ ထပ်တိုး နိုင်ငံတွေအဖြစ် ဖင်လန်နဲ့ ယူအေအီးနိုင်ငံတွေမှာလည်း ရောဂါပိုးကူးစက်ခံရသူ တစ်ဦးစီ ရှိလာကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP


