နေပြည်တော် နိုဝင်ဘာ ၁၁

 

မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ် လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ မဲ့ထော်သလေး KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိသည့်အပြင် ၎င်းတို့ စုဖွဲ့နေထိုင်ခဲ့ကြသည့် KK Park အတွင်း ဇုန်အလိုက် အဆောက်အအုံများ ဖြိုချဖျက်ဆီး ရှင်းလင်းလျက်ရှိသည်။

 

KK Park ဇုန်(A)အတွင်းမှာ အဆောက်အအုံ စုစုပေါင်း ၁၄၈ လုံး ရှိပါတယ်။ ဒီနေရာမှာ အွန်လိုင်း လိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေနဲ့ ဒုစရိုက်မှုတွေ ထပ်မံပြီး မလုပ်ဆောင်နိုင်အောင် အဆောက်အအုံအားလုံးကို ဖြိုချဖျက်ဆီးသွားမှာ ဖြစ်ပါတယ်။ အဆောက်အအုံ ၁၁၀ ကိုတော့ ဖြိုချဖျက်ဆီးပြီးပါပြီ။ ကျန်ရှိတဲ့ အဆောက်အအုံ ၅၂၅ လုံးကိုလည်း ဆက်လက်ဖြိုချဖျက်ဆီးသွားမှာ ဖြစ်ပါတယ်ဟု တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

 

မြဝတီ - မဲ့ထော်သလေး KK Park နယ်မြေအတွင်း အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများနှင့် ဒုစရိုက်မှုများ ပြုလုပ်သည့် ဇုန်သုံးဇုန်တွင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးရှိကြောင်း သိရသည်။

 

အဆိုပါ ဇုန် (B) တွင် တစ်ထပ် လူနေအဆောက်အအုံ ခုနစ်လုံး၊ နှစ်ထပ်လူနေအဆောက်အအုံ ၂၉ လုံး၊ သုံးထပ်လူနေအဆောက် အအုံ ငါးလုံး၊ ဆောက်လုပ်ဆဲ လေးထပ်အဆောက်အအုံ ခုနစ် လုံး၊ ဆောက်လုပ်ဆဲ ငါးထပ် အဆောက်အအုံ ငါးလုံးနှင့် ဂိုဒေါင် တစ်ထပ်အလုံး ၂၀ စုစုပေါင်း ၇၃ လုံး  တည်ရှိခဲ့သည်။

 

အလားတူ ဇုန်(C )တွင် တစ်ထပ် လူနေအိမ် ၃၃ လုံး၊ နှစ်ထပ်လူနေ အိမ် ၂၁၆ လုံး၊ သုံးထပ်လူနေအိမ် ၄၂ လုံး၊ လေးထပ် လူနေအိမ် ၃၉ လုံး၊ ငါးထပ်လူနေအိမ် ၁၂ လုံး၊ ခြောက်ထပ်လူနေအိမ် လေးလုံး၊ ဘတ်စကက်ဘောကွင်း တစ်ခု၊ ဆေးရုံ နှစ်ရုံ၊ နှစ်ထပ် SPA အဆောက်အအုံတစ်လုံး၊ တစ်ထပ် SPA အဆောက်အအုံ တစ်လုံး၊ နှစ်ထပ်ဈေးဆိုင်တန်း ငါးလုံး၊ နှစ်ထပ်စူပါမားကတ် တစ်လုံး၊ တစ်ထပ် စူပါမားကတ် တစ်လုံး၊ ငါးထပ်ဟိုတယ် တစ်လုံး၊ လေးထပ် ဟိုတယ် တစ်လုံး၊ တစ်ထပ် ဂိုဒေါင် ၃၅ လုံး၊ ဆေးခန်း နှစ်ခန်း၊ နှစ်ထပ် မှန်ဆောင် တစ်လုံး၊ နှစ်ထပ် Club တစ်ခု၊ နှစ်ထပ် KTV တစ်လုံး၊ တစ်ထပ်စားဖိုဆောင် နှစ်လုံး၊ ရေစုကန် တစ်လုံး၊ တစ်ထပ် ဂိုဒေါင်ကြီးခြောက်လုံး၊ တစ်ထပ် လူနေအိမ်တန်းလျား ငါးလုံး စုစုပေါင်း ၄၁၄ လုံး တည်ရှိခဲ့သည်။

 

KK Park နယ်မြေအတွင်း နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၉၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံကို တစ်ဆင့်ခံ၍ နယ်စပ်ဖြတ်ကျော်ရောက်ရှိလာသည့် ဖြစ်စဉ်များက အများစုဖြစ်ပြီး KK Park နယ်မြေအတွင်း အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများနှင့် ဒုစရိုက်မှုများ ပြုလုပ်သည့်ဇုန် သုံးဇုန်တွင် အသုံးပြုနိုင်သော အဆောက်အအုံများ အတွက် လိုအပ်သည့်ပစ္စည်းများ၊ မီးစက်များ၊ အင်တာနက် Starlink စက်များ၊ လူသုံးကုန် ပစ္စည်းများနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီများနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို ထိုင်းကုန်သည်များက တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ထောက်ပံ့ခြင်းနှင့် ရောင်းချခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မြဝတီမြို့- မဲ့ထော်သလေး KK Park နယ်မြေသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်ခဲ့သည့် အိန္ဒိယနိုင်ငံသား ၄၀၊ နီပေါနိုင်ငံသား ၁၂ ဦးနှင့် တောင်ကိုရီးယား နိုင်ငံသားတစ်ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ၅၃ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

 

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၀၈၁၅ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ ၉၅၃၆ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးနိုင်ခဲ့ကာ ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၂၇၉ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

 

ယခုအခါ နိုင်ငံတော်အစိုးရ အနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်း လောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးကို အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိသည်။

အောင်ဂျိုင်း၊ ဓာတ်ပုံ- မင်းမင်း