ကလေး ၁ မေ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ချင်းတောင်ခြေရင်းရှိ ရပ်ကွက်များဖြစ်သော တာဟန်းရပ်ကွက်၊ တောင်ဖီလာရပ်ကွက်များတွင် အပူဒဏ်မြင့်မားမှုကြောင့် ဧပြီ ၂၈ ရက် နောက်ပိုင်းမှစ၍ ရေတွင်းများတွင် ရေခန်းခြောက်မှုများဖြစ်ပေါ်ကာ ရေပြတ်မှုများ ကြုံတွေ့နေရသဖြင့် ကလေးလွင်ပြင် ရေအလှူတော်ကားဖြင့် မေ (၁) ရက်မှစတင်ကာ ရေများလိုက်လံလှူဒါန်းပေးနေကြောင်း သိရသည်။
“ကလေးမြို့ တာဟန်းရပ်ကွက် တောင်ဖီလာရပ်ကွက်တွေမှာ ရေလုံးဝပြတ်နေပါပြီ။ တစ်ရပ်ကွက်လုံး ရေတွင်းတွေကို ပြန်တူးတာတွေ ပြင်တာတွေလုပ်နေကြတယ်။ ရေသွားလှူတဲ့အခါမှာ ရေကိုလာရောက်သယ်ယူသူတွေ များတာကြောင့် လှူရတာ မလောက်ဘူးဖြစ်နေတယ်။ ချယ်ရီလမ်း စိန်မကယ်လမ်းတွေမှာ ရေပြတ်နေတယ်။ နောက်ပြီး ဝန်ထမ်းအိမ်ရာတွေမှာလည်း ရေပြတ်နေတယ်။ ဝန်ထမ်းအိမ်ရာကိုလည်း လှူခဲ့ပြီးဖြစ်ပါတယ်”ဟု ကလေးလွင်ပြင် ရေအလှူတော်အဖွဲ့မှ ကိုတင်အောင်ဆင့်က ပြောသည်။
“ကလေးမြို့ရာသီဥတုကတော့ ပြီးခဲ့တဲ့ ဧပြီလ(၂၈)ရက်နေ့က အပူချိန် ၄၁ ဒသမ ၅ အထိ ရောက်ရှိခဲ့ပါတယ်။ အရင်နှစ်တွေကဆိုရင် ၃၈ ဝန်းကျင်မှာပဲရှိခဲ့ပါတယ်။ ဒါကြောင့်လဲ ဒီနှစ်တွေမှာ ရေပြတ်တာတွေအထိ ဖြစ်နေတာပါ။ မုတ်သုန်က မြန်မာနိုင်ငံတောင်ပိုင်းကို မေ (၁၈) ရက်ဝန်းကျင်မှာ စဝင်ပါမယ်။ အလယ်ပိုင်းနှင့် မြောက်ပိုင်းကို မေလလယ်အကျော်မှာ စဝင်ပါမယ်။ မုတ်သုန်ဝင်ပြီး ဒါမှမဟုတ် မုန်တိုင်းကြောင့် မိုးလေးရွာလာရင်တော့ အပူကလျော့ဖို့ရှိပါတယ်”ဟု ကလေးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဦးတင်စိုးက ပြောသည်။
ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရပ်ကွက်များအတွင်း ရေပြတ်လပ်မှုများကြုံတွေ့ရပါက မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်ကာ မြို့နယ်စည်ပင်၊ မြို့နယ် ကျေးလက်ဦးစီးမှူးရုံးတို့မှလည်း ရေပြတ်လပ်သည့် ကျေးရွာများသို့ ရေလှူဒါန်းပေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
သျှင်နေမင်း(ဂန့်ဂေါ)


