ရန်ကုန် ၂ မေ

ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့အစည်းက ကြီးမှူးကျင်းပသည့် မေ ၃ ရက်တွင် ကျရောက်မည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့- ၂၀၁၉ (World Press Freedom Day-2019) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဗွိီဒီယိုဖိုင်အားပြသပြီး ယူနက်စကိုမြန်မာ၏ အကြီးအကဲ မစ္စမင်ဂျောင်ကင်က အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး Mr. Wouter Jurgens က မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ယူနက်စကို မြန်မာ၏အကြီးအကဲ မစ္စမင်ဂျောင်ကင်က စာနယ်ဇင်းလွတ်လပ်ခွင့်ဆု ရရှိကြသူများနှင့် ပတ်သက်၍ အမှတ်တရစကား ပြောကြားသည်။

 

mdn

 

ထို့နောက် ရွေးကောက်ပွဲကာလအတွင်း မီဒီယာ၏အခန်းကဏ္ဍ၊ သတင်းအမှားများနှင့် လုပ်ကြံသတင်းများ၏ ရိုက်ခတ်မှုကို လျော့ပါးသက်သာအောင် အရပ်ဖက်အဖွဲ့ အစည်းများ၊ အစိုးရနှင့် အခြားသက်ဆိုင်သည့် အဖွဲအစည်းများအနေဖြင့် လုပ်ဆောင်နိုင်မည့်နည်းလမ်း၊ နည်းဗျူဟာများ ဆက်နွယ်သည့် စကားဝိုင်းဆွေးနွေးပွဲကို ပြုလုပ်သည်။

စကားဝိုင်းဆွေးနွေးပွဲကို အင်တာနယူးစ်မှ Senior Media Trainer ဒေါ်တင်ဇာအောင်က moderator အဖြစ်ဦးဆောင်၍ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်း၊ မြန်မာတိုင်မ်း အင်္ဂလိပ်သတင်းစာမှ အကြီးတန်းသတင်းထောက် နော်ဘက်တီဟန်၊ Myanmar Institute for Democracyမှ Executive Director ဦးရဲထွဋ်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာတင်၊ MAFINDO မှ Secretary of Presidium မှ Mr.Valentina Wijiyati ၊ Myanmar Tech Accountability Network မှ Research Advisor ဦးမြတ်သူတို့က ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့်မေးခွန်းများကို ကဏ္ဍအလိ်ုက် ပြန်လည်ဖြေကြားကြသည်။

စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ မြန်မာတိုင်မ်းအင်္ဂလိပ်သတင်းစာမှ အကြီးတန်းသတင်းထောက် နော်ဘတ်တီဟန်က ``သတင်းထောက်တစ်ယောက် အနေနဲ့ ရွေးကောက်ပွဲကာလမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ဆွေးနွေးမယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ကြုံရမယ့် အခက်အခဲတွေအပေါ် မူတည်ပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ အကြောင်းအရာတွေကို အဓိကဆွေးနွေးမှာ ဖြစ်ပါတယ်´´ဟု ပြောသည်။

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို မြန်မာနိုင်ငံတွင် ကျင်းပလာသည်မှာ (၇)ကြိမ်မြောက်ဖြစ်ပြီး ယခုရက်သတ္တပတ်အတွင်း ကမ္ဘာ့နိုင်ငံပေါင်းတစ်ရာကျော်တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလျက်ရှိသည်။ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့သည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွင် သို့မဟုတ် တက်ကြွလှုပ်ရှားမှုများ၊ စာနယ်ဇင်းလွပ်လပ်ခွင့်၊ သတင်းလွပ်လပ်ခွင့်အတွက် ရပ်တည်လုပ်ဆောင်သူများကို ဂုဏ်ပြုသည့်နေ့ဖြစ်သည်။

မေလ ၃ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့- ၂၀၁၉ ၏ ဆောင်ပုဒ်မှာ “ဒီမိုကရေစီအတွက် မီဒီယာ- လုပ်ကြံသတင်းခေတ်အတွင်းမှ သတင်းအတတ်ပညာနှင့် ရွေးကောက်ပွဲများ” ဟူ၍ ဖြစ်သည်။

သတင်း -ဝင်းမီမီ
ဓာတ်ပုံ-ရဲထွဋ်