ရန်ကုန် ၈ မေ
မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို မေ(၈)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်တွင် ကျင်းပရာ ဂုဏ်ပြုချီးမြှင့်ခြင်း၊ ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ခြင်းနှင့်အတူ ကြက်ခြေနီလုပ်ငန်းများတွင် ကိုယ်ကျိုးစွန့်၍ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော စိတ်ဓာတ်နှင့် စွမ်းဆောင်မှုတို့တွင် စံထားရသော တပ်ဖွဲ့ဝင်များကိုလည်း ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ယနေ့ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီနာယကဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ယနေ့သည် လူမှုလုပ်ငန်းနယ်ပယ်အသီးသီးတွင် အနစ်နာခံ၍ ပေးဆပ်ဆောင်ရွက်နေသော ကြက်ခြေနီအဖွဲ့ ဝင်အားလုံးကို ဂုဏ်ပြုသောနေ့ဖြစ်ပါကြောင်း၊ ခေတ်စနစ်ပြောင်းလဲလာသော အခြေအနေပေါ်မှုတည်၍ လိုက်ပါဆောင်ရွက်ခဲ့ရသော ပုံသဏ္ဌာန်အမျိုးမျိုးရှိခဲ့ပြီး ပြည်သူလူထု၏ ချစ်ခင်ယုံကြည်လေး စားမှုရှိသော အဖွဲ့အစည်းတစ်ခုအဖြစ် ခေတ်စနစ်၏ ရိုက်ခတ်မှုကိုခံခဲ့ရကြောင်း၊ ကြက်ခြေနီသည် ရန်သူ၊ မိတ်ဆွေမခွဲခြားသော အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး လူသားကို ကူညီကယ်ဆယ်ဆောင်ရွက်သော အဖွဲ့အစည်းဖြစ်ကြောင်း၊ လူမှုအကျိုးပြုလုပ်ငန်း နယ်ပယ်တွင် အရောင်အသွေးကင်းရှင်းနေသော အဖွဲ့အစည်းသည် ကြက်ခြေနီအဖွဲ့သာဖြစ်ကြောင်း၊ ရှေးဦးသူနာပြုစုခြင်းကို နိုင်ငံသူနိုင်ငံသားအားလုံး သိရှိရန်လိုအပ်ပြီး ကျောင်းများတွင် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီအသင်းအဖွဲ့ ပိုမိုတိုးတက်အောင်မြင်ခြင်းမှ မြန်မာတစ်နိုင်ငံလုံး ဖြန့်ကျက်၍ ကမ္ဘာက လေးစားဂုဏ်ယူမှုရနိုင်သော မြန်မာကြက်ခြေနီအဖွဲ့ကြီး ဖြစ်စေရန် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်မြသူထံမှ ပေးပို့သောသဝဏ်လွှာအား တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်လှကြင်မှ ဖတ်ကြားပြီး အလှူရှင်များအား ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီနာယက ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် ဘက်စုံထူးချွန်မြို့နယ်ကို ဆုချီးမြှင့်ပြီးနောက် ဝန်ကြီးချုပ်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဧည့်သည်တော်များက မြို့နယ်(၇)မြို့နယ်မှ ပြသထားသည့် ပြခန်းများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် Deploy Team Members အဖြစ် အကူအညီပေးခဲ့သော မြို့နယ် (၄၄)မြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း၊ ရာသက်ပန်အသင်းဝင် အများဆုံးစုဆောင်းနိုင်သော ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီနှင့် သာမန်အသင်းဝင် အများဆုံးစုဆောင်းနိုင်သော မြို့နယ်ကြက်ခြေနီအသင်းခွဲတို့မှ ခင်းကျင်းပြသထားသည့် ပြခန်းများမှ အကောင်းဆုံးဆု၊ ကြက်ခြေနီလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြပြီး စိတ်ဓာတ်နှင့် စွမ်းဆောင်မှုတို့တွင် စံထားရလောက်သည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း (CPR)ပြိုင်ပွဲတွင် ဆုရရှိသူများ၊ သွေးလှူဒါန်းရာတွင် (၂၅)ကြိမ်မှ အကြိမ်(၃၀)အတွင်း လှူဒါန်းခဲ့သော တပ်ဖွဲ့ဝင်သူနာပြုတို့ကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
“ကြက်ခြေနီကို စတင်ဖြစ်ပေါ်အောင် မွေးဖွားပေးခဲ့တဲ့ ဟင်နရီဒူးနန့်ရဲ့ မွေးနေ့မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကြက်ခြေနီတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ဆိုပြီး သတ်မှတ်ခဲ့ပြီးတော့ တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုလိုတာကြောင့် ယနေ့အခမ်းအနားကို ကျင်းပရတာပါ။ သူတို့တစ်နှစ်တာ လုပ်ဆောင်ခဲ့တာတွေကို ဂုဏ်ပြုချီးမြှင့်ခြင်းနဲ့ သူတို့ပြခန်းတွေကို အကဲဖြတ်ဆု ချီးမြှင့်တာကြောင့် ကျေနပ်မှုရှိမှာပါ။ ပရဟိတလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အားပေးတဲ့အနေနဲ့ ကျင်းပခဲ့တာပါ။ မြန်မာနိုင်ငံ ကြက်ခြေနီဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာပြီးတော့ ကြက်ခြေနီလုပ်ငန်းများကို ယခုထက်ပိုမို စွမ်းဆောင်နိုင်ဖို့ လုပ်ဆောင်သွားမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်လှကျင်က ပြောသည်။
“ရခိုင်ပြည်နယ်ကို (၂၀၁၇)ခုနှစ်ကစပြီး (၂၀၁၉)ခုနှစ်၊ ဧပြီလထိ တစ်ကြိမ်ကို တစ်လသွားရောက်ပြီး လူမှုကူညီရေးလုပ်ငန်းတွေကို ရန်ကုန်တိုင်းက မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေနဲ့အတူ သွားရောက်ခဲ့ပါတယ်။ လူမျိုးဘာသာမခွဲခြားပဲ အားလုံးကို အစား၊ အသောက်ပစ္စည်းနဲ့ လိုအပ်တာတွေ ကူညီပေးပါတယ်။ ICRC နဲ့ပူးပေါင်းပြီး ရန်ကုန်က တပ်ဖွဲ့ဝင်(၂၂)ဦး သွားရောက်တဲ့အခါမှာ ငါးခူရ၊ ကြိမ်ချောင်းကြီး၊ တောင်ပြိုလက်ဝဲ၊ လောင်းတုံရွာတွေကို စားသောက်ကုန်ပစ္စည်းတွေ ဖြန့်ဝေတဲ့အခါမှာ သွားလာရေး အခက်အခဲရှိပေမယ့် ကြက်ခြေနီဆိုတဲ့ စိတ်ဓာတ်၊ ရန်ကုန်တိုင်းဆိုတဲ့ တပ်ဖွဲ့စိတ်ဓာတ်နဲ့ နှစ်စဉ်သွားရောက်နိုင်ခဲ့မှု အပေါ်မှာလည်း ဂုဏ်ယူပါတယ်”ဟု ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှ တပ်ခွဲမှူးဦးထွန်းဝေက ပြောသည်။
“ကြက်ခြေနီတပ်ဖွဲ့ဝင်တွေဟာ စေတနာ၊ ဝါသနာနဲ့ လုပ်ကိုင်ကြတာပါ။ ငွေကြေးပြည့်စုံလို့ လုပ်ကိုင်ကြတဲ့သူ မရှိပါဘူး။ သဘာဝဘေးအန္တရာယ်နဲ့ အရေးပေါ် ကယ်ဆယ်ရေးကဏ္ဍတွေမှာ ပြုစုဆောင်ရွက်နေတဲ့ ကြက်ခြေနီရဲ့တန်ဘိုး၊ ဘာတွေလုပ်နေကြတယ်ဆိုတာ မသိသလို ကူညီရမယ်ဆိုတာလည်း မသိကြပါဘူး။ ကြက်ခြေနီအဖွဲ့အစည်းဟာ ချစ်ခြင်းမေတ္တာတစ်ခုကို အရင်းခံပြီး လုပ်ဆောင်နေကြတာပါ။ လှည်းကူးကြက်ခြေနီအနေနဲ့ သက်ကြီးရွယ်အို အာဟာရတိုက်ကျွေးမှု ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်သလို သက်ကြီးရွယ်အို စောင့်ရှောက်မှုကို ဆောင်ရွက်ခဲ့တာကြောင့် မြို့နယ်အနေနဲ့ ဘက်စုံထူးချွန်ဆုကို ရခဲ့တာပါ။ ပြခန်းအနေနဲ့ မင်္ဂလာဒုံမြို့နယ်နဲ့ ပူးတွဲပြီး ဆုရခဲ့ပါတယ်။ ပရဟိတလုပ်ငန်းအနေနဲ့ ဆက်ပြီး ကျိုးစားဆောင်ရွက်သွားမှာပါ”ဟု ဘက်စုံထူးချွန်မြို့နယ်ဆု ရရှိခဲ့သော လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းဌေးက ပြောသည်။
ဓာတ်ပုံ - သန်းစိုး၊ သန်းထိုက်


