နေပြည်တော် ၂၃ ဧပြီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ ချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာ ခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင် မော်တော်ယာဉ် များဖြင့်လည်းကောင်း၊ ပြည်တွင်း အပျော်စီးသင်္ဘော များဖြင့်လည်းကောင်း လာရောက် လည်ပတ်လျက်ရှိသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုနှင့် Kaung Hein Shwe Sin International Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် စင်ကာပူနိုင်ငံသားဧည့်သည် (၇) ဦးသည် ၄င်းတို့၏ ကိုယ်ပိုင် မော်တော်ဆိုင်ကယ် (၆) စီး ဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့အထိ မြဝတီ-ပဲခူး-မိတ္ထီလာ-ဂန့်ဂေါ-တမူး ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ တမူးနယ်စပ်ဂိတ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။
ပွင့်လင်းရာသီကာလ ဖြစ်သည်နှင့်အညီ နိုင်ငံခြားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့် ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသော ဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ် လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
MDN


