နေပြည်တော်  ၈  မေ

 

ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီက ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးအေးကိုကိုက မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရေးအတွက် ယာဉ်များကြံ့ခိုင်ရေး ဂရုပြုထိန်းသိမ်းခြင်းဆိုင်ရာများ ဟောပြောခြင်း၊ နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဌေးလွင်က ယာဉ်းစည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ပတ်သက်၍ လမ်းအသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းချက်များနှင့် စည်းကမ်းဖောက်ဖျက်ပါက ကျခံရမည့် ပြစ်ဒဏ်များအကြောင်းကို ပညာပေးဟောပြောခဲ့သည်။ 

 

ထို့နောက် ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်သူရကျော်က မော်တော်ယာဉ်များတွင် မတော်တဆ မီးလောင်မှုမဖြစ်ပွားစေရေး ဆောင်ရွက်ရမည့် အချက်များကို ဟောပြောခြင်း၊ နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး-၂ ဦးအောင်ကျော်ဆန်းက မော်တော် ယာဉ်မောင်းနှင့် လိုက်ပါစီနင်းသူတိုင်း အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်စေရေး၊ မော်တော်ဆိုင်ကယ် စီးသူတိုင်း အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်စေရေး၊ အရက်သေစာ သောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်းမရှိစေရေး၊ မော်တော်ယာဉ် မောင်းနှင်သူများ လက်ကိုင်ဖုန်း အသုံးမပြုရေးနှင့် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်မှုမရှိစေရေး စသည့်အချက်များကို ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ပျဉ်းမနားမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


စိုးမိုး(ပြန်/ဆက်)

 

1