နယူးဒေလီ ၇ ဩဂုတ်
နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် နေထိုင်နေကြသည့် ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံခန့်မှာ ရေကြောင့် စိုးရိမ်ပူပန်နေရကြောင်း၊ ရေပိုက်ခေါင်းများမှာလည်း ခြောက်သွေ့နေကြကြောင်း ဩဂုတ် ၆ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ ကမ္ဘာ့သဘာဝအရင်းအမြစ် အင်စတီကျူမှ မိုးခေါင်ရေရှားခြင်းနှင့် မြစ်ရေကြီးမှုများကြောင့် ဖြစ်ပေါ်ရသည့် အန္တရာယ်များကို စာရင်းကောက်ယူထား ခြင်းဖြစ်သည်။ စိုက်ပျိုးရေး၊ စက်မှု လုပ်ငန်းနှင့် မြူနီစီပယ်တို့တွင် အသုံးပြုသည့် ရေ ၈၀ ရာခိုင်နှုန်းမှာ မြေအောက် ရေဖြစ်ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ဆိုးရွားစွာ အကျိုးသက်ရောက်ခံစား နေရသည်။
ကာတာ၊ အစ္စရေး၊ လက်ဘနွန်၊ အီရန်၊ ဂျော်ဒန်၊ လစ်ဗျား၊ ကူဝိတ်၊ ဆော်ဒီ အာရေဗျ၊ ယူအေအီး၊ အီရီထရီးယား၊ ဆန်မာရီနို၊ ဘာရိန်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ အိုမန်နှင့်ဘော့ဆွာနာ တို့မှာ အဆိုးရွားဆုံး ထိခိုက်ခံစားရသည့် ၁၇ နိုင်ငံဖြစ်ကြသည်။ ရေပြဿနာမှာ အဓိကအရေးကြီးသည့် ပြဿနာဖြစ် သော်လည်း လူတိုင်းမေ့လျော့နေကြကြောင်း၊ ၄င်း၏ အကျိုးဆက်ကြောင့် စားနပ်ရိက္ခာဖူလုံရေးတွင် အန္တရာယ် ဖြစ်လာနိုင်ကြောင်း၊ ပဋိပက္ခ၊ ရွှေ့ပြောင်း နေထိုင်မှု၊ ဘဏ္ဍာရေးဆိုင်ရာ မတည်မငြိမ်ဖြစ်မှုများ ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့သဘာဝအရင်းအမြစ် အင်စတီကျူမှ စီအီးအိုဖြစ်သူ အန်ဒရူး စတီယာက ပြောသည်။
ယခုဖော်ပြထားသည့် ၁၇ နိုင်ငံတွင် အရှေ့အလယ်ပိုင်းနှင့်အာဖရိကမြောက် ပိုင်းမှ ၁၂ နိုင်ငံပါဝင်ပြီး ရေအတွက် သောကအရောက်ရဆုံးနိုင်ငံများ ဖြစ်ကြသည်။ လူဦးရေများပြားလှသည့် အိန္ဒိယနိုင်ငံမှာလည်း နံပါတ် ၁၃ တွင် ရှိနေသည်။
အေအက်ဖ်ပီ


